ကိုဗစ်-၁၉ လူနာသစ် ၅၁ ဦးအနက် ဘယ်ကစတင်ရောဂါကူးစက်မှန်းမသိသူ ၁၅ ဦး ပါဝင်
ဆုဆုသွယ်
·
September 2, 2020
ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၅၁ ဦးထဲမှာ ဘယ်ကနေ ရောဂါကူးစက်မှန်းမသိတဲ့လူနာ ၁၅ ဦးပါဝင်နေတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၂ ရက်နေ့မှာ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ခရီးသွားရာဇဝင်မရှိသလို ပိုးတွေ့တဲ့လူနာနဲ့ထိတွေ့မှုလည်းမရှိဘဲ ဘယ်ကနေ ကူးစက်လို့ ကူးစက်မှန်းမသိတဲ့ အတည်ပြုလူနာသစ် ၁၅ ဦးထဲမှာ ရန်ကုန်တိုင်းက ၁၀ ဦး၊ မော်လမြိုင်က ၄ ဦးနဲ့ တနင်္သာရီတိုင်းက ၁ ဦးပါဝင်ပါတယ်။
ဘယ်ကနေ ကူးစက်မှန်းမသိတဲ့ ရန်ကုန်က အတည်ပြုလူနာ ၁၀ ဦးထဲမှာ လှိုင်မြို့နယ်က အသက် ၅ လအရွယ် ကလေးငယ်တစ်ဦးလည်းပါဝင်ပါတယ်။
အဲဒီကလေးငယ်လေးဟာ ဩဂုတ် ၃၁ ရက်က ရုတ်တရက် ရင်ကျပ်လာတဲ့အတွက် ကလေးဆေးရုံကြီးကို သွားရောက်ပြသရာမှာ သံသယရှိတဲ့အတွက် ကလေးကို ပိုး ရှိ မရှိ စစ်ဆေးရာမှာ စက်တာဘာ ၁ ရက်နေ့ညမှာ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ပိုးတွေ့ရှိထားတဲ့ ကလေးငယ်ရဲ့ မိဘနှစ်ပါးနဲ့ ဦးလေးတွေဟာ သီရိမင်္ဂလာဈေးမှာ ကုန်စိမ်း ရောင်းချနေသူတွေဖြစ်တယ်လို့ လှိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။
လက်ရှိမှာ ကလေးငယ် နေထိုင်နေတဲ့ အိမ်မှာ သူ့မိဘတွေ အပါအဝင် စုစုပေါင်း ၁၂ ဦးနေထိုင်ပြီး သူတို့အပါအဝင်ကလေးနဲ့ထိတွေ့ခဲ့သူ ၁၄ ဦးရှိတယ်လို့ပြောပါတယ်။