ရန်ကုန်အခြေစိုက် သတင်းထောက် ၂ ဦး အနံ့မရသဖြင့် ကျိုင်းတုံဆေးရုံသို့ရောက်ရှိ
DVB
·
September 1, 2020
ရန်ကုန်ကနေ ရှမ်းပြည်နယ် ကျိုင်းတုံမြို့ရောက်ရှိနေတဲ သတင်းထောက် ၂ ဦး ဟာ ကိုယ်ပူချိန် 99°F ရှိပြီး အနံ့အသက်မရတာကြောင့် ကျိုင်းတုံဆေးရုံကို ရောက်ရှိလာပါတယ်။
သူတို့နှစ်ဦးဟာ သြဂုတ် ၂၉ ရက်နေ့မှာ မြန်မာအမျိုးသားလေကြောင်းလိုင်း နဲ့ရောက်ရှိလာကြတာဖြစ်ပြီး တစ်ဦးက စမ်းချောင်းမြို့နယ်မှာနေထိုင်ကာ ကျန် တစ်ဦးကတော့ အင်းစိန်မြို့နယ်မှာ နေထိုင်ကြသူတွေဖြစ်ပါတယ်။
သူတို့ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကျိုင်းတုံမြို့ဆေးရုံမှ ဒေါက်တာဘစိုးသက် ကိုဆက်သွယ် မေးမြန်းရာမှာတော့ သူတို့နှစ်ဦးရဲ့ အာခေါင်၊ နှာခေါင်းတို့ဖတ်နမူနာတွေကို ဒီနေ့ လေယာဉ်နဲ့ပေးပို့ထားပြီး အဖြေက ၂ ရက် ၃ ရက်စောင့်ရမယ်လို့ ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူတွေမှာ တွေ့ရတတ်တဲ့ ရောဂါလက္ခဏာတွေကတော့ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ မောခြင်း၊ လည်ချောင်းနာခြင်း၊ နှာခေါင်းပိတ်ခြင်း၊ နှာချေ နှာစေးခြင်းတွေအပြင် ကိုယ်တွေနာကျင် ကိုက်ခဲတာ၊ ခေါင်းကိုက်တာ၊ လည်ချောင်းနာတာနဲ့ အနံ့ ဒါမှမဟုတ် အရသာအာရုံ မရတော့တာမျိုးတွေဖြစ်နိုင်တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။
ကျိုင်းတုံဒေသခံ စေတနာ့ဝန်ထမ်း ကိုဘင်ဂျမင်က “ကျိုင်းတုံခရိုင် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးကော်မတီက ဦးဆောင်ပြီး ကျိုင်းတုံမြို့မှာ မြို့အဝင် စစ်ဆေးရေးဂိတ် ဖွင့်တာ၊ Mask တပ်ကြဖို့ လော်စပီကာနဲ့ အော်တာ၊ စားသောက်ဆိုင်တွေ ကျန်းမာရေး လမ်းညွှန်ချက်လိုက်နာခြင်းရှိမရှိ စစ်ဆေးတာတွေ လုပ်နေတယ်”လို့ ပြောပါတယ်။
ကျိုင်းတုံမြို့မဈေးကြီးနဲ့ အာခါဈေးကိုလည်း စက်တင်ဘာ ၂ ရက်မှ ၄ ရက်နေ့အထိ ယာယီပိတ်ထားပြီး သံသယလူနာတွေရဲ့ စစ်ဆေးချက်အဖြေရမှသာ ဈေးပြန်လည်ဖွင့်လှစ်ရေး ညှိနှိုင်းဆောင်ရွက်မယ်လို့ စည်ပင်သာယာ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ကိုဗစ်ကပ်ဘေးကာလအတွင်း ပိုးတွေ့လူနာ ၃ ယောက်ရှိခဲ့ပြီး ကျိုင်းတုံဆေးရုံမှာပဲ ကုသမှုခံယူခဲ့ရကာ တဦးကတော့ နောက်တကြိမ်ပိုးပြန်တွေ့ထားပါတယ်။