Home
မြန်မာသတင်း
ဒါးကစျေးသစ်ဆောက်လုပ်ရေးလုပ်ငန်းကို စုံစမ်းစစ်ဆေးရန် စျေးသူစျေးသားများတိုင်ကြား
DVB
·
September 1, 2020
118475086_931124510705226_8095872787348231237_o
ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ် ဒါးကစျေးသစ် တည်ဆောက်ရေးလုပ်ငန်းတွေ ပွင့်လင်းမြင်သာမရှိဘဲ လုပ်ဆောင်နေတာနဲ့ပတ်သက်ပြီး စစ်ဆေးအရေးယူဖို့ စျေးသူစျေးသားတွေက နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် အကြီးအကဲ တွေဆီကို စုပေါင်းတိုင်ကြားလိုက်ပါတယ်။ ဒါးကစျေးသစ်တည်ဆောက်မှုမှာ ဆိုင်ခန်းတွေကို တဦးတည်းက တခြားသူတွေထက် ပိုမို ရယူထားတာတွေ ဆိုင်ခန်းရောင်းတာနဲ့ပတ်သက်ပြီး တစ်ကြိမ် တစ်ခါမှ ရှင်းတမ်းထုတ်မပေးတာ တွေနဲ့ မီးရထားဌာနက ပြစ်မှုဆိုင်ရာနဲ့ တရားစွဲဆိုခံနေရတဲ့ ဘဏ္ဍာရေးမှူး ၂ ဦးကို တာဝန်က ရုပ်သိမ်းပေးဖို့ စတာတွေကို တိုင်ကြားခဲ့တာလို့ စျေးသူစျေးသားတွေက ပြောပါတယ်။ ဒါးကစျေးသစ်အတွက် မတည်ရန်ပုံငွေထည့်ပေးသူ ဒေါ်မေဇင်က “ဒီစျေးဆောက်ဖို့နဲ့ တဆက်တည်းဆောက်မယ့် တိုက်ခန်းဖောင်ဒေးရှင်းကို ဝယ်ယူပြီးတော့ ရန်ပုံငွေ မတည်ပေးခဲ့ ရတာပါ။ အများနဲ့သက်ဆိုင်လို့ ငွေစာရင်းရှင်းဖို့ အကြိမ်ကြိမ်ပြောပေမယ့် မရှင်းပေးဘူး။ ဒါကြောင့် အများပိုင်ငွေတွေကို ပွင့်လင်းမြင်သာ နည်းလမ်းတကျဖြစ်စေဖို့ တင်ပြရတာပါ” လို့  ပြောပါတယ်။ ဒါးကစျေးတည်ဆောက်ချိန်မှာ ပင်မစျေးဆိုင်ခန်းကို ၃ သိန်းနဲ့ ရောင်းချဖို့အတွက် ကတိကဝတ် ရရှိခဲ့ပြီး ခုချိန်မှာ ၅ သိန်းအထိ တိုးမြှင့်ရောင်းချတာမျိုးတွေလည်း ရှိနေပြီး စျေး တည်ဆောက်ရေးကော်မတီရဲ့ မတည်ရန်ပုံငွေ သိန်း ၉၀၀ ကျော်ကို ဘဏ္ဍာရေးမှူး ၂ ဦးက ကော်မတီ ၃ ရပ် ရဲ့ ခွင့်ပြုချက်မရဘဲ ဆောက်လုပ်ရေးပစ္စည်းတွေ ဝယ်ယူဆောက်လုပ်တာမျိုး တွေလည်း ရှိတယ်လို့ စျေးသူစျေးသားတွေက ပြောပါတယ်။ ဒါးကစျေးသစ် ပြန်လည်နေရာချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင် ဦးဇော်သိန်းက “ဘဏ္ဍာရေးမှူး ၂ ဦးအနေနဲ့ ကော်မတီအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်မရှိဘဲ တည်ဆောက်ရေးလုပ်ငန်းတွေနဲ့ နေရာချထားရေးလုပ်ငန်းတွေမှာ အတိုင်အဆမဲ့ ကိုယ်ကျိုးစီးပွား ဆန်ဆန် လုပ်နေတာတွေ တွေ့ရတယ်။ ဘဏ္ဍာငွေကိစ္စတွေမှာ လုပ်ထုံးလုပ်နည်းအညီ မလုပ်လို့ အုပ်ချုပ်ရေးနဲ့ စည်ပင်ကို အကြိမ်ကြိမ်တင်ပြလည်း ကြီးကြပ်မှု အားနည်းနေတယ်” လို့  ပြောပါတယ်။ ဒါးကစျေးသစ်ဆိုင်ခန်းတွေနဲ့ပတ်သက်ပြီး တိုင်ကြားခံရတဲ့ ဘဏ္ဍာရေးမှူး ဒေါ်ဝင်းဝင်းနွဲ့ကို ဆက်သွယ်မေးမြန်းချိန်မှာ သူတို့ အနေနဲ့ မြို့နယ်စည်ပင်သာယာရေးကော်မတီနဲ့ စျေးကော်မတီရဲ့ ခွင့်ပြုသဘောတူညီချက်နဲ့သာ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ ဒါးကမြို့က အောင်ရတနာစျေးဟောင်းကို မြို့အင်္ဂါရပ်နဲ့ညီတဲ့စျေး ဖြစ်စေဖို့အတွက် မူလစျေးမှာ ရောင်းချနေတဲ့ စျေးသူစျေးသားတွေနဲ့ ဗိုလ်ချုပ်လမ်းဘေးနဲ့ မီးရထားသံလမ်းဘေးမှာ ရောင်းချနေတဲ့ ပျံကျစျေးသည်တွေအတွက် အခမဲ့ရောင်းချခွင့်ရရှိမယ့် ၆ ပေပတ်လည် ဆိုင်ကွက် ၂၀၀ ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလကစတင်ပြီး တည်ဆောက်စေခဲ့တာဖြစ်တယ်လို့ တိုင်းဒေသကြီး စည်ပင်သာယာရေးရုံးက သိရပါတယ်။ သတင်း- မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024