မွန်ညီညွတ်ရေးပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီ ဖွဲ့စည်း
DVB
·
August 31, 2020
ပေါင်းစည်းထားတဲ့ မွန်ညီညွတ်ရေးပါတီဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီကို ဖွဲ့စည်းလိုက်ပါတယ်။
ဒီရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီကိုတော့ သြဂုတ် ၂၂ ရက်က ကျင်းပတဲ့ မွန်ညီညွတ်ရေးပါတီရဲ့ ဗဟိုအလုပ်မှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။
ဒီကော်မတီကို အရင် မွန်ပြည်နယ် လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဟောင်း နိုင်လဝီအောင်က ဦးဆောင်သွားမှာဖြစ်ပြီး ကော်မတီအဖွဲ့ဝင် ၂၂ ဦး ပါဝင်တယ်လို့ မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်စံတင်က ပြောပါတယ်။
ဒါ့အပြင် ကော်မတီမှာ အခု မွန်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းလည်း ပါဝင်နေတာပါ။
မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအပါအဝင် အစုအဖွဲ့ ၄ စု ပေါင်းစည်းထားတဲ့ မွန်ညီညွတ်ရေးပါတီဟာ လာမယ့် ရွေးကောက်ပွဲမှာတော့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီ၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရာမှာတော့ တိုင်းနဲ့ပြည်နယ် ၅ ခုမှာ ကိုယ်စားလှယ်နေရာ ၆၇ နေရာ ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ ရှိနေပါတယ်။
ဇော်လွင်ထွဋ်