အိန္ဒိယအစိုးရက မြန်မာကို အမေရိကန်ဒေါ်လာ ၅ သန်းပေးအပ်
DVB
·
August 28, 2020
ချင်းပြည်နယ်နဲ့ နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယနိုငံ အစိုးရက မြန်မာအစိုးရကို အမေရိကန်ဒေါ်လာ ၅ သန်း အကူအညီပေးအပ်လိုက်တယ်လို့ ရန်ကုန်ရှိ အိန္ဒိယနိုင်ငံသံရုံးက သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်)ကူမားက နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်ထံ ဩဂုတ် ၂၈ ရက်က သွားရောက်တွေ့ဆုံ ပေးအပ်ခဲ့တာလို့ ဆိုပါတယ်။
၂၀၁၂ ခုနှစ် မေလက အိန္ဒိယဝန်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံစဉ်အတွင်း လက်မှတ် ရေးထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာအရ ချင်းပြည်နယ်နဲ့ နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသတွေမှာ ခြေခံအဆောက်အဦတွေနဲ့ သက်မွေးဝမ်းကြောင်းမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၅ သန်းထောက်ပံ့ပေးအပ်တာလို့ သိရပါတယ်။
တတိယနှစ်စီမံကိန်းတွေအရ ချင်းပြည်နယ်မှာ လမ်း/တံတား ၉ စင်းနဲ့ စာသင်ကျောင်း ၅ ကျောင်းတည်ဆောက်ခဲ့ပြီး ကျေးရွာ ၈၂ ရွာက လူပေါင်း ၂၈,၀၀၀ အကျိုးခံစားခွင့်ရှိမှာ ဖြစ်ပါတယ်။
အလားတူ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာလည်း ကျေးရွာပေါင်း ၈၀ ပါဝင်တဲ့ ၃ မြို့နယ်အတွင်း လမ်း / တံတား (၁၄) စင်း၊ ကျောင်း ၆ ကျောင်းနဲ့ ကျန်းမာရေး စောင့်ရှောက်မှုဌာန ၁ ခုဆောက်လုပ်ခဲ့ပြီး လူပေါင်း ၄၉,၀၀၀ လောက် အကျိုးခံစားခွင့်ရမှာ ဖြစ်ပါတယ်။
လက်ရှိအချိန်အထိ လမ်း/တံတား၊ ကျန်းမာရေးဌာန၊ ကျောင်းစတဲ့ တည်ဆောက်ရေးစီမံကိန်းပေါင်း ၁၄၁ ခု အကောင်အထည် ဖော်ဆောင်ရွက်ပြီးသွားပြီး အိန္ဒိယနိုင်ငံအစိုးရအနေနဲ့ အကူအညီတွေ ထပ်မံပေးအပ်သွားမယ်လို့ အိန္ဒိယသံရုံး ထုတ်ပြန်ချက် အရသိရပါတယ်။
ဓာတ်ပုံ- Embassy of India