အပျော်တမ်းငှားစီးသည့်စက်လှေ ဧရာဝတီမြစ်အတွင်းတိမ်းမှောက်၊ အမျိုးသမီး၂ ဦး ပျောက်ဆုံး
DVB
·
August 27, 2020
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ဧရာဝတီမြစ်အတွင်းမှာ အပျော်တမ်းငှားစီးကြတဲ့ လူ ၁၆ ဦးပါ စက်လှေတစ်စီး သြဂုတ် ၂၆ ရက်ညနေပိုင်းက တိမ်းမှောက်တာကြောင့် အမျိုးသမီး ၂ ဦး ပျောက်ဆုံးနေတယ်လို့ ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူကပြောပါတယ်။
“ညောင်ဦးမြို့ရဲ့ ရေအမှတ်က စိုးရိမ်ရေအမှတ်ကိုရောက်လိမ့်မယ်၊ ပြည်သူတွေ သတိထားဖို့ လိုလို့ ကြေညာချက်တွေလည်း ထုတ်ထားတာ၊ တရားဝင် နိုင်ငံတော် မိုးလေဝသတင်းတွေမှာလည်း သတိပေးမှုတွေ လုပ်ထားတဲ့ကြားက ဘာလို လူကြီးတွေက ခွင့်ပြုတာတုန်း၊ လှေငှားပြီး အပျော်တမ်းစီးရင်းဖြစ်ရတာ” လို့ ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
စက်လှေမောင်း ဦးမြတ်လေးရဲ့ စက်လှေကို အမှတ် ၁ ရပ်ကွက် သီရိမင်္ဂလာရပ်ကွက် နေသူတွေက ချောက်ဘုရားလှဆိပ်ကနေ ငှားပြီး ဧရာဝတီမြစ်အတွင်း လှည့်လည်နေချိန် သာယာဝတီဆိပ်ကမ်းအနီး ရပ်တန့်ထားတဲ့ ပန်တော်သင်္ဘောအောက် ဝင်ရောက်တိမ်းမှောက်ခဲ့ တာလို့ ဆိုပါတယ်။
ညောင်ဦးခရိုင်အုပ်ချုပ်ရေးဦးစီးဌာန၊ ညောင်ဦးခရိုင် မီးသတ်တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့တို့က လက်ရှိအချိန်အထိ ၁၄ ဦးအားကယ်ဆယ်နိုင်ခဲ့ပြီး ပျောက်နေတဲ့ အမျိုးသမီး ၂ ဦးအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်လုပ်ကိုင်နေပါတယ်။
ပျောက်ဆုံးနေသူနှစ်ဦးက အသက် ၂၄ နှစ်အရွယ်နဲ့ ၂၈ အရွယ် အမျိုးသမီးနှစ်ဦး ဖြစ်ပြီး စက်လှေမောင်းသူကို ညောင်ဦးမြို့မစခန်းမှာ အမှုဖွင့်အရေးယူ ဆောင်ရွက်ဖို့ လုပ်နေတယ်လို့ သိရပါတယ်။
သတင်း-ကိုလင်း(ချောက်)