Homeမြန်မာသတင်း
တရုတ်နိုင်ငံ၌ အခက်ကြုံနေသည့် စိတ်ဝေဒနာရှင် မြန်မာအမျိုးသမီး မိသားစုနှင့် အဆက်အသွယ်ပြန်ရ
တရုတ်နိုင်ငံ၌ အခက်ကြုံနေသည့် စိတ်ဝေဒနာရှင် မြန်မာအမျိုးသမီး မိသားစုနှင့် အဆက်အသွယ်ပြန်ရ
DVB
·
August 26, 2020
တရုတ်နိုင်ငံထဲမှာ ရောက်နေပြီး ဘယ်သူဘယ်ဝါဆိုတာ စစ်ဆေးလို့ မရတဲ့ မြန်မာအမျိုးသမီး တယောက်အကြောင်းကို မြန်မာသံရုံးကထုတ်ပြန်ပြီးနောက်ပိုင်း အခုတော့ သူ့မိသားစုက ဆက်သွယ်လာခဲ့လို့ ဒီညနေမှာ မြန်မာနိုင်ငံဘက်ခြမ်း မူဆယ်မြို့ကို ပြန်ရောက်လာမှာ ဖြစ်ပါတယ်။
မြန်မာအမျိုးသမီးတယောက်ဟာ စိတ်ကျန်းမာရေးအခြေအနေကြောင့် ဘယ်သူဘယ်ဝါ မစိစစ်နိုင်ဘဲ သိရှိသူတွေအနေနဲ့ အကြောင်းကြားပေးဖို့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက သြဂုတ် ၁၇ ရက်မှာ အကူအညီတောင်းခဲ့တာပါ။
ဒီအမျိုးသမီးဟာ ရန်ကုန်တိုင်း သန်လျင်မှာ နေထိုင်သူဖြစ်တဲ့အကြောင်း သူ့ရဲ့ မိခင်က သံရုံးကို ဖုန်းဆက်လာခဲ့ပြီး လွန်ခဲ့တဲ့ ၂ နှစ်လောက်က မိသားစုကို အသိမပေးဘဲ အိမ်ကနေ ထွက်သွားပြီး အဆက်အသွယ်ပြတ်သွားခဲ့တာလို့ ဆိုပါတယ်။
သူ့ကို ပြန်လည်ပို့ဆောင်ဖို့ ကျန်ရှီးပြည်နယ်ရဲဌာနနဲ့ ညှိနှိုင်းပြီး ရဲဌာနကပဲ ပြန်ပို့ပေးခဲ့တာမှာ ဒီနေ့ သြဂုတ် ၂၆ ရက် ညနေပိုင်းမှာ တရုတ်နိုင်ငံ ရွှေလီကတဆင့် မြန်မာနိုင်ငံ မူဆယ်ကို ပြန်ရောက်မှာဖြစ်ပါတယ်။
မူဆယ်မှာ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဆီကို လွှဲပြောင်းပေးမှာဖြစ်ပြီး ကျန်းမာရေး စစ်ဆေးပြီးရင် မိသားစုဆီကို ပြန်အပ်မယ်လို့ သံရုံးက ထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံ ကျန်ရှီးပြည်နယ်၊ ဖန်းချောင်မြို့မှာ မြန်မာနိုင်ငံသားလို့ ယူဆရတဲ့ အမျိုးသမီး တယောက်ကို ဇူလိုင် ၉ ရက်က ဖန်းချောင်မြို့ ပြည်ဝင်ပြည်ထွက် စီမံခန့်ခွဲရေးဌာနက တွေ့ခဲ့ပြီး သူ့မှာ နာမည်၊ လိပ်စာ၊ နိုင်ငံသားအထောက်အထား တခုမှ မပါဘဲ စိတ်ကျန်းမာရေး အခြေအနေ ကြောင့် ဖန်းချောင်မြို့ ဆေးရုံမှာ ထိန်းသိမ်းစောင့်ရှောက်ထားခဲ့ပါတယ်။
စကားပြန်က တဆင့်မေးမြန်းရာမှာတော့ မြန်မာစကား နည်းနည်းပြောတတ်တာကြောင့် မြန်မာနိုင်ငံသားလို့ ယူဆပြီး မြန်မာသံရုံးက ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာလည်း နာမည်ကိုတော့ မဖြေနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကြောင့် မြန်မာသံရုံးတာဝန်ရှိသူတွေအနေနဲ့ လူကိုယ်တိုင်သွား နိုင်ဖို့ အကန့်အသတ်ဖြစ်နေပြီး ဖုန်းနဲ့ပဲ အကြိမ်ကြိမ်မေးခဲ့ရာမှာလည်း မကွေးတိုင်းကလာတယ်၊ မူဆယ်က လာတယ်လို့ ဖြေကြားနေခဲ့တာကြောင့် အမျိုးသမီးရဲ့ ဓာတ်ပုံနဲ့အတူ သံရုံးက ထုတ်ပြန် အကူအညီတောင်းခဲ့တာပါ။