၂၀၂၀ မြန်မာရွေးကောက်ပွဲကို စောင့်ကြည့်ရန် ဂျပန်နိုင်ငံက လေ့လာရေးအဖွဲ့ စေလွှတ်မည်
DVB
·
August 25, 2020
နိုဝင်ဘာလ ၈ ရက်နေ့ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၀ ရွေးကောက်ပွဲကိုစောင့်ကြည့်ဖို့ ဂျပန်အစိုးရက အထူးကိုယ်စားလှယ် ဆာဆာကာဝါယိုဟီ ဦးဆောင်တဲ့ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ကို စေလွှတ်သွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတဲဂိတိုရှိမိဆုက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အဖွဲ့ဟာဩဂုတ် ၂၄ ရက်က နေပြည်တော်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံစဉ် ပြောကြားခဲ့တာလို့ ဂျပန်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။
ဒါ့အပြင် မဲရုံတွေမှာ တစ်ကြိမ်ထက်ပို မဲပေးတာကို ကာကွယ်နိုင်ဖို့အတွက် အလွယ်တကူ ဖျက်ပစ်လို့မရတဲ့ အထူးမင်ရည်တွေ ထောက်ပံ့ကူညီသွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ဂျပန်နိုင်ငံရဲ့ အကူအညီတွေအတွက် တန်ဖိုးထားကျေးဇူးတင်တဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ပြောကြားခဲ့သလို ဒီမိုကရေစီနည်းကျရွေးကောက်ပွဲတခု အသေအချာဖြစ်စေဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ အကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်လို့လည်း အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော် တန်ဖိုးရှိတဲ့ နည်းပညာအကူအညီတွေ၊ ကျန်းမာရေးနဲ့ ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းကိရိယာအထောက် အပံ့တွေကို မြန်မာကိုပေးအပ်ခဲ့တဲ့အပြင် နောက်ထပ် အရေးပေါ်ဘတ်ဂျတ်ထောက်ပံ့ငွေ ယန်းငွေ ၃၀ ဘီလီယံနဲ့ SMES တွေအတွက် အိုဒီအေ ချေးငွေ ယန်း ၁၅ ဘီလီယံ ကူညီပေးသွားမယ်လို့လည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အဆိုပါဆွေးနွေးပွဲမှာ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်တွေ၊ ကိုဗစ်-၁၉ ကာလအတွင်း နှစ်နိုင်ငံနိုင်ငံသားတွေအတွက် ကယ်ဆယ်ရေးလေယာဉ်တွေ ဆက်လက် ပျံသန်း ပြေးဆွဲပေးရေးနဲ့ အပြန်အလှန်သွားလာမှုတွေ တစ်ဆင့်ချင်းပြန်လည်ဖွင့်လှစ်သွားရေး၊ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စ၊ ရခိုင်ပြည်နယ်အရေးကိစ္စတွေလည်း ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာနိုင်ငံခြားရေးဌာနကလည်း ထုတ်ပြန်ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်နိုင်မယ့် အခြေအနေပေါ်မူတည်ပြီး နှစ်နိုင်ငံအကြား ကာလရှည် နေထိုင်ခွင့်ရရှိထားသူတွေ အပြန်အလှန် ဝင်ရောက်နိုင်ဖို့ တစ်ဆင့်ချင်း ဖြေလျှော့သွားဖို့ ကိစ္စတွေ စက်တင်ဘာလလယ်မှာ ဆက်လက်ဆွေးနွေးဖို့ နှစ်ဖက် သဘောတူခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဂျပန်နိုင်ငံသို့ ကာလတိုလာရောက်လိုတဲ့ အတတ်ပညာရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ဂျပန်နိုင်ငံသို့ဝင်ရောက်ခွင့်ကို ဖြေလျှော့ပေးမယ့် business track အစီအစဉ်နဲ့ ဂျပန်အစိုးရက ပေးအပ်တဲ့ ပညာသင်ဆုရရှိထားတဲ့ မြန်မာပညာ တော်သင်တွေကို ဂျပန်နိုင်ငံသို့ မကြာမီဝင်ရောက်ခွင့်ပြုရေးကိစ္စတို့ကိုလည်း ဆက်လက်ညှိနှိုင်း သွားဖို့ ဆွေးနွေးခဲ့ကြပါတယ်။
ဒေသတွင်းကိစ္စတွေနဲ့ ပတ်သက်ပြီးလည်း တောင်တရုတ်ပင်လယ်ရေးကိစ္စနဲ့ မြောက်ကိုရီးယား အရေးကိစ္စတွေကို အမြင်ချင်းဆွေးနွေးဖလှယ်ခဲ့တယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟာ ဩဂုတ် ၂၀ ရက်ကစပြီး ပါပူဝါနယူးဂီနီနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနဲ့ လာအိုနိုင်ငံတို့ကိုသွားရောက်ခဲ့ပြီ မနေ့က နေပြည်တော်ကို ရောက်ရှိလာကာ ဒီကနေ့ ဩဂုတ် ၂၅ ရက်နေ့မှာ ခရီးစဉ်ကို အဆုံးသတ်ပြီး တိုကျိုမြို့ကိုပြန်လည် ထွက်ခွာမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ- MOFA