တိုင်းပြည်အတွက် တကယ်အလုပ်လုပ်နိုင်မည့်သူကို ရွေးချယ်မဲပေးကြရန် ကာချုပ်တိုက်တွန်း
DVB
·
August 24, 2020
၂၀၂၀ ရွေးကောက်ပွဲ မဲပေးကြရာမှာ တိုင်းပြည်အတွက် တကယ်အကျိုးရှိအောင် အလုပ်လုပ်နိုင်မယ့်သူတွေကိုသာ ရွေးချယ်မဲပေးကြဖို့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းလိုက်ပါတယ်။
ဩဂုတ် ၂၃ ရက်က နေပြည်တော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ ချင်းပြည်နယ်နဲ့ နာဂဒေသတွေမှာ တာဝန်ထမ်းဆောင်လာခဲ့တဲ့ တပ်မတော်ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို ကြိုဆိုဂုဏ်ပြုစကားပြောရာမှာ ထည့်သွင်း ပြောကြားခဲ့တာပါ။
“မဲပေးတယ်ဆိုတာလည်း ကိုယ့်ရဲ့တိုင်းပြည်ကို ကောင်းအောင် လုပ်ပေးမယ့် ကိုယ်စားလှယ်ကောင်းတွေကို ရွေးရမယ်။ မင်းတို့စိတ်ကြိုက်ရွေးရမယ်။ ကိုယ်ရွေးတဲ့သူက ကိုယ့်တိုင်းပြည်အတွက် အကျိုးရှိဖို့လိုတယ်။ ကိုယ်ရွေးတဲ့လူတွေက ကိုယ်လည်း မသိဘဲနဲ့ လေသံကြား ဖမ်းတရားနာပြီးတော့ ပေးလိုက်ရလို့ ဒီလူက ကိုယ့်တိုင်းပြည်အတွက် အလုပ်မဖြစ်ဘူးဆိုရင် တိုင်းပြည်အတွက် ဆုံးရှုံးမှုပဲ” လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။
ချင်းပြည်နယ်နဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ တာဝန်ထမ်းဆောင်လာခဲ့တဲ့ တပ်မတော်ဆေးအရာရှိ ၄၄ ဦး တာဝန်က ပြန်လာပါက ကိုယ်ကြိုက်ရာဆေးရုံကို ပြောင်းရွှေ့ခွင့်ပေးဖို့ မူလက ပြောခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ရွေးကောက်ပွဲပြီးမှသာ ပြောင်းရွှေ့ခွင့်တွေကို စီစဉ်ပေးမယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ အစိုးရနှစ်ရပ် ဖြတ်သန်းခဲ့မှုအပေါ်ချိန်ထိုးပြီး တိုင်းပြည်အတွက် လူကောင်းတွေရအောင် မဲပေးဖို့လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောပါတယ်။
“၂၀၁၁ ခုနှစ်ကစပြီးတော့ အစိုးရ နှစ်ရပ် တာဝန်ယူခဲ့ပြီးဖြစ်ပါတယ်။ လေ့လာကြည့်လို့ရှိရင် တွေ့မှာဖြစ်ပါတယ်။ ဒီပေါ်မှာချိန်ထိုးပြီးတော့မှ လူကောင်းတွေရအောင် မင်းတို့ မဲပေးပါလို့ ဆန္ဒပြုပါတယ်။ မင်းတို့မှာ သူများထက်ပိုပြီးတော့မှ အိုင်ကျူ၊ အီးကျူမြင့်တဲ့သူတွေဖြစ်တယ်။ ရောက်တဲ့ဒေသတွေမှာလည် နားလည်အောင် ပြောပြပါ။”
ပြည်ထောင်စုနယ်မြေ နေပြည်တော်မှာ တပ်မတော်သား သီးသန့်မဲပေးရမယ့် မဲရုံ ၃၃ ရုံနဲ့ ရပ်ကျေးနဲ့ တွဲဖက် မဲရုံ ၁၀ ရုံရှိပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမဲဆန္ဒနယ်မှာတော့ အာဏာရပါတီ အန်အယ်လ်ဒီက ဒေါက်တာမိုးဆွေ၊ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးတို့က အဓိက ယှဉ်ပြိုင်သွားရဖို့ ရှိနေပါတယ်။
ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)