ဒီမိုကရေစီ အစစ်ကို ပေးပါ - ထိုင်းနိုင်ငံရေး ဘယ်ကို ဦးတည်နေလဲ
DVB
·
August 22, 2020
ထိုင်းနိုင်ငံမှာ အရာရာရဲ့အထက်မှာ ရှိနေတဲ့ ဘုရင်စနစ်ကိုရော၊ ဘုရင်စနစ်ကို အသုံးချပြီး တိုင်းပြည်ကို စိတ်ကြိုက် ခြယ်လှယ်နေတဲ့ စစ်ဗိုလ်ချုပ်တွေကိုပါ ကျောင်းသားတွေက အာခံနေကြပါပြီ။
ထိုင်းမှာ ဘုရင်ကို အကြည်ညိုပျက်စေမှုဥပဒေဟာ နန်းတွင်းရေးရာကိစ္စမှန်သမျှ ဘာတစ်ခုမှ ဝေဖန်မခံရအောင် ကာကွယ်ပေးထားခဲ့ပါတယ်။ ဘုရင့်အရေးအရာတွေကို ဝေဖန်ရင် ထောင်ဒဏ် ၁၅ နှစ်အထိ ပြစ်ဒဏ်ဖြစ်ပါတယ်။ အခုတော့ မျိုးဆက်သစ်တွေရဲ့ စနစ်ကို ပြောင်းလဲဖို့ တော်လှန်ရေးထဲမှာ ရာဇာ့ပလ္လင်ပါ ခပ်လှုပ်လှုပ် ဖြစ်လာပါတယ်။
အခု ဘန်ကောက်မှာ ဖြစ်နေတဲ့ ဆန္ဒပြပွဲဟာ ၂၀၁၄ စစ်တပ် အာဏာသိမ်းတဲ့ နောက်ပိုင်းမှာ အကြီးမားဆုံး ဖြစ်လာပါတယ်။ ဒီမိုကရေစီကျောက်တိုင်ပတ်လည်မှာ ပုံမှန်စုရုံးနေတဲ့ ကျောင်းသားတွေရဲ့ တောင်းဆိုချက်ထဲမှာ ဘုရင်စနစ်ကို ဖျက်သိမ်းဖို့အထိ ပါဝင်လာပါတယ်။
ကျောင်းသားတွေ ခေါင်းဆောင်တဲ့ ဆန္ဒပြပွဲတွေဟာ နိုင်ငံတဝန်းလုံးမှာ အရင်လကတည်းက စည်းရုံးလှုပ်ရှားလာတာ ဖြစ်ပါတယ်။ သူတို့ မူလတောင်းဆိုချက်က လွှတ်တော်ကို ဖျက်သိမ်းပေးဖို့၊ စစ်တပ်က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကို ဖျက်သိမ်းပြီး ပြန်လည်ရေးဆွဲဖို့နဲ့ တက်ကြွလှုပ်ရှားသူတွေအပေါ် နှိပ်စက်နေတာတွေကို ရပ်တန့်ပေးဖို့ ဖြစ်ပါတယ်။
တောင်းဆိုချက်တွေကို စက်တင်ဘာ နောက်ဆုံးထားပြီး လက်လျှော့ပေးဖို့၊ ဒီလိုမှ မဟုတ်ရင် ပိုပြီးကြီးမားတဲ့ ဆန္ဒပြပွဲတွေနဲ့ ရင်ဆိုင်ရမယ်လို့ ရာဇာသံပေးထားပါတယ်။
ထိုင်းကျောင်းသားတွေဟာ မနှစ်တုန်းက ဟောင်ကောင်ကျောင်းသားဆန္ဒပြပွဲတွေကို အားကျ အတုယူပြီး သူတို့မှာလည်း ခေါင်းဆောင်မရှိဘူးလို့ ဆိုပါတယ်။ ဆိုရှယ်မီဒီယာ အားကိုးနဲ့ အချင်းချင်း စုစည်းလာကြတယ်လို့ ဆိုပါတယ်။
နန်းတက်ဘုရင် လက်ရှိ နန်းစံနေတဲ့ဘုရင် မဟာ၀ချီရာလောင်ကွန်းဟာ နိုင်ငံခြားမှာပဲ အနေများပြီး ရံဖန်ရံခါမှ ထိုင်းနိုင်ငံကို ပြန်လာလေ့ရှိပါတယ်။
ထိုင်းပြည်သူတွေ အလွန်ကြည်ညိုတဲ့ သူ့ခမည်းတော် နတ်ရွာစံပြီးတဲ့နောက် ၂၀၁၆ မှာ နန်းတက်ပါတယ်။ ဘုရင်ဖြစ်လာတဲ့အခါမှာ မင်းဘဏ္ဍာနဲ့ စစ်တပ်ကို ထိန်းချုပ်ပါတယ်။ အာဏာသိမ်း ဗိုလ်ချုပ်တွေ ရေးပေးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘုရင်သစ်ဟာ နိုင်ငံခြားကနေလည်း တိုင်းပြည်ကို အုပ်ချုပ်လို့ ရသွားပါတယ်။ ဘုရင်လက်ထဲမှာ အရေးကြီးတဲ့ တပ်မ ၂ ခုကို တိုက်ရိုက်ကိုင်ထားပြီး မင်းဘဏ္ဍာအားလုံးကိုလည်း ကိုယ်တိုင်တိုက်ရိုက် ကိုင်တွယ်လာပါတယ်။ ထိုင်းဘုရင့်ဘဏ္ဍာဟာ လူသိရှင်ကြား ကြေညာထားတာ မရှိဘဲ ဘန်ကောက်မြို့မှာတင် ဒေါ်လာ ၃၃ ဘီလီယံလောက်ရှိနိုင်တယ်လို့ ၂၀၁၁ ခုနှစ်က ထွက်ခဲ့တဲ့ ဘုရင်ကြီး ဘူမိဘောရဲ့ မှန်နန်းရာဇဝင်မှာ ဖော်ပြပါတယ်။
သက်တော် ၈၈ မှာ နတ်ရွာစံသွားတဲ့ ဘုရင်ကြီး ဘူမိဘောနဲ့ လက်ရှိ နန်းတက်ဘုရင် သူ့သားတော်ကြားမှာတော့ ဂုဏ်သိက္ခာချင်း မိုးနဲ့မြေလို ခြားနားပါတယ်။ ဘုရင်ကြီးဟာ ကမ္ဘာ့သက်တော်ရှည် ဘုရင်တစ်ပါး ဖြစ်သလို ထိုင်းပြည်သူတွေက နတ်ဘုရားနီးနီး ကိုးကွယ်ကြတဲ့ ဘုရင်ဖြစ်ခဲ့ပါတယ်။
သားတော်ကတော့ အိမ်ရှေ့စံဘ၀ကတည်းက ချစ်ဇာတ်လမ်း၊ ပုဂ္ဂိုလ်ရေးဇာတ်လမ်းတွေ ကျော်မကောင်း ကြားမကောင်း ရှုပ်ပွေနေခဲ့တာပါ။ ဇာတ်လမ်းအများကြီးထဲမှာ သားသမီးတွေကို တာဝန်မယူတာ၊ သူ့အချစ်တော်ခွေးလေး (ဖူးဖူး) ကို လေတပ်ဗိုလ်ချုပ် ခန့်တာမျိုးတွေလည်း ပါဝင်ပါတယ်။ နန်းမတက်ခင်လေးမှာပဲ ကိုယ်လုပ်တော်တယောက်ကို ကြင်ရာတော် ခန့်ခဲ့ပါသေးတယ်။ ဒီအချိန်မှာ စတုတ္ထမြောက်မိဖုရားနဲ့ လက်ဆက်ထားတာ လပိုင်းပဲ ရှိပါသေးတယ်။ နောက်တော့မှ အသက် ၃၄ နှစ်အရွယ် ကြင်ရာတော်ဟာ မိဖုရားကြီးကို ဝါစဉ်ကျော်လို့ဆိုပြီး ရာထူးပြန်ချခဲ့ပြန်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလမှာ ထိုင်းပြည်သူတွေ ဒုက္ခရောက်နေချိန်မှာလည်း ထိုင်းဘုရင်ဟာ လေယာဉ်စီးပြီး ထိုင်း လာလိုက်၊ နိုင်ငံခြား ပြန်သွားလိုက် ကူးချည်သန်းချည် လုပ်နေခဲ့ပါတယ်။ ထိုင်းမှာတော့ ကမ္ဘာလှည့်ခရီးသွားတွေ မလာတော့၊ စီးပွားရေး ခြောက်ကပ်နေချိန်၊ လူသိန်းချီ အလုပ်လက်မဲ့ ဖြစ်နေချိန် ဖြစ်ပါတယ်။
ထိုင်းနန်းတော်ဟာ မတည်ငြိမ်တဲ့ ထိုင်းနိုင်ငံရေးနဲ့ အလိုက်သင့် မျောပါနေတယ်လို့ မြင်ကြပေမယ့် နိုင်ငံရေးပြဿနာတွေမှာ ဘုရင်က ဖျန်ဖြေသူနေရာကနေ ပါခဲ့တာတွေလည်း ရှိပါတယ်။ ၁၉၃၂ ခုနှစ်ကစလို့ ထိုင်းမှာ အာဏာသိမ်းမှုတွေ ၁၂ ကြိမ်လောက် ဖြစ်ခဲ့ပါတယ်။ ဖြစ်တဲ့ အချိန်တိုင်းမှာ ထိုင်းဘုရင်က အာဏာသိမ်း စစ်ခေါင်းဆောင်ကို အသိအမှတ်ပြုပေးရပါတယ်။ မနှစ်တုန်းကလည်း လက်ရှိဘုရင်ဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ ခေါင်းဆောင် ပရာယွတ်ချန်အိုချာရဲ့ အစိုးရအဖွဲ့ကို အတည်ပြုပေးခဲ့ရတာပါပဲ။
ဝန်ကြီးချုပ် လက်ရှိဝန်ကြီးချုပ် ပရာယွတ်က ထိုင်းနိုင်ငံရေးကို တည်ငြိမ်အောင် လုပ်ပေးမယ်လို့ ကတိပြုထားသူ ဖြစ်ပါတယ်။ ဒါပေမဲ့ လူငယ်တွေကတော့ သူ့ အစိုးရအဖွဲ့ကို မယုံကြည်ပါဘူး။ ဒီမိုကရေစီစနစ်ကို ပြန်အသက်သွင်းဖို့ထက် ၂၀၁၄ က အာဏာသိမ်းခဲ့တဲ့ သူနဲ့အပေါင်းအပါ ဗိုလ်ချုပ်ကြီးတွေ အာဏာလက်မလွှတ်ရရေး ဆောင်ရွက်သူအဖြစ် မြင်ကြပါတယ်။
မနှစ်က ရွေးကောက်ပွဲဟာလည်း မဲမသာမာမှုတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ လူငယ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ ပါတီကိုလည်း ရွေးကောက်ပွဲ ဝင်ခွင့်မရအောင် ဖျက်သိမ်းခဲ့ပါတယ်။ ရွေးကောက်ပွဲကို မကျေနပ်တဲ့အတွက် လူငယ်တွေက ဖေဖော်ဝါရီလမှာ လမ်းပေါ်ထွက်ခဲ့ကြပေမယ့် ကိုဗစ်-၁၉ ကြောင့် တခန်းနားခဲ့ကြရပါတယ်။
ပရာယွတ် အစိုးရဟာ ဖိနှိပ်မှုတွေကို ပိုလုပ်လာတယ်လို့ တက်ကြွသူတွေက ဆိုပါတယ်။ အာဏာသိမ်းတဲ့အချိန်ကစလို့ ကွန်ပျူတာဆိုင်ရာ ရာဇဝတ်မှု အက်ဥပဒေ၊ ဘုရင့်ကို အကြည်ညိုပျက်စေမှု ပုဒ်မတွေကို အသုံးချပြီး ဝေဖန်သူတွေကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။ တက်ကြွလှုပ်ရှားသူတွေကို ဘယ်သူဘယ်ဝါ မသိသူတွေက လူမိုက်ဆန်ဆန် တိုက်ခိုက်တာလည်း ရှိပါတယ်။
လက်ရှိ ဆန္ဒပြပွဲတွေဟာ ဒီမိုကရေစီအရေးကို ကျော်ပြီး ဘုရင်စနစ်ကို ပစ်မှတ်ထားတဲ့အထိ ဖြစ်လာတဲ့အတွက် စိုးရိမ်သူတွေလည်း ရှိပါတယ်။ အရင်က ဆန္ဒပြပွဲတွေကို စစ်တပ်က ပစ်ခတ် နှိမ်နင်းခဲ့တာလည်း ရှိတဲ့အတွက် သမိုင်းတကျော့ပြန်လည်မှာကို စိုးရိမ်သူလည်း ရှိပါတယ်။ သဘောထား တင်းမာတဲ့ ထိုင်းစစ်တပ်ဦးစီးချုပ်ကလည်း ကိုယ့်နိုင်ငံကို လှောင်ပြောင်နေသူတွေကို နိုင်ငံကို မချစ်သူတွေ ဆိုပြီး ဒီလဆန်းပိုင်းက သူ့ မိန့်ခွန်းမှာ အပြစ်တင်စကား ပြောခဲ့ပါသေးတယ်။
ဘယ်ကို ဦးတည်နေလဲ
ထိုင်းနိုင်ငံမှာ ဩဇာကြီးတဲ့ သနေရှင်းသတင်းစာရဲ့ ဆောင်းပါးရှင် ဝီချစ် (Whchit Chaitrong) က ထိုင်းလူ့အဖွဲ့အစည်းမှာ တန်ဖိုးဟောင်းနဲ့ တန်ဖိုးသစ်တို့ ရင်ဆိုင်တွေ့နေပြီလို့ ရေးပါတယ်။
လူငယ်တွေဟာ ဒီမိုကရေစီကို တောင်းဆိုရင်းနဲ့ ထိုင်းလူ့အဖွဲ့အစည်းက ဘယ်တုန်းကမှ မော်မကြည့်ရဲခဲ့တဲ့ ဘုရင်စနစ်ကိုတောင် အန်တုလာကြတာကို ဆိုလိုတာပါ။ လူငယ်တွေဟာ ကျိုးကြောင်းဆင်ခြင်တုံတရားမပါတဲ့ မျက်ကန်းယုံကြည်မှုကို စွန့်ပစ်လိုက်ကြပါပြီ။
ရှေးရိုးစွဲ ထိုင်းလူ့အဖွဲ့အစည်းမှာ တပည့်က ဆရာကို ရိုသေ၊ ပြည်သူက အစိုးရနဲ့ မင်းမျိုးမင်းနွယ်တွေကို ခခယယ ဆက်ဆံကြပါတယ်။ အခုတော့ အခြေခံကျောင်းတွေမှာက စလို့ ကျောင်းသားလေးတွေဟာ အစိုးရက ချမှတ်ထားတဲ့ လူမှုစံတန်ဖိုး ၁၂ ချက်ဆိုတာကို မေးခွန်းထုတ်နေကြပါပြီ။ အာဏာသိမ်းစစ်တပ်က ချမှတ်ထားတဲ့ လူမှုစံတန်ဖိုး ၁၂ ချက်ဆိုတာ ထိုင်းလူ့အဖွဲ့အစည်းကို ခေတ်နောက်ပြန်ဆွဲတဲ့ အတွေးအခေါ်တွေ ရိုက်သွင်းနေတာလို့ လူငယ်တွေက မြင်လာပါတယ်။ အစိုးရက သူတို့ဆံပင်ပုံစံကို ဘာကြောင့် ကန့်သတ်ရတာလဲလို့ လူငယ်တွေက မေးခွန်းထုတ်လာပါတယ်။ ဒီကတဆင့် ထိုင်းနိုင်ငံရေးစနစ်၊ ဘုရင်စနစ်အထိ မေးခွန်း ထုတ်လာကြပါတယ်။
တဦးချင်း လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ အစိုးရနဲ့ ဘုရင်စနစ်ကို လွတ်လပ်စွာ ဝေဖန်ခွင့်ဆိုတဲ့ တန်ဖိုးသစ်ဟာ ထိုင်းလူငယ်တွေရဲ့ စိတ်ထဲမှာ ဖူးပွင့်ဝေဆာနေပါပြီ၊ ဒီမိုကရေစီစနစ်ရဲ့ တန်ဖိုးတွေဖြစ်တဲ့ ပွင့်လင်းမြင်သာမှု၊ တရားရေးစနစ်ရဲ့ မျှတမှုတို့ကို တောင်းဆိုလာကြပါတယ်။ အရာရှိတွေနဲ့ အထက်တန်းလွှာရဲ့ အဂတိလိုက်စားမှုတွေကို ဆန့်ကျင်လာကြပါတယ်။ လူတယောက်နဲ့ တယောက် မျက်နှာချင်းဆိုင် စကားအချေအတင် ပြောဆိုဖို့တောင် ဝန်လေးတတ်တဲ့ မျိုးဆက်ဟောင်းတွေကို ပါးစပ်အဟောင်းသား ဖြစ်စေပါတယ်။
ထိုင်းလူမျိုးတွေဟာ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့အတိုင်း ကံကို ယုံကြတယ်။ ဆင်းရဲတာ၊ ချမ်းသာတာ၊ ရာထူးကြီးတာ၊ မျက်နှာမွဲတာ အရာရာအားလုံး ကံကို ပုံချလေ့ရှိပါတယ်။ တော်ဝင် မိသားစုဝင်တွေ ဆိုတာလည်း နတ်ဘုံ၊ ဗြဟ္မာဘုံက ဆင်းသက်လာသူတွေလို့ ယုံကြည်ကြပါတယ်။ ဒီအစဉ်အလာ မျက်ကန်းယုံကြည်မှုတွေ အားလုံးကို မျိုးဆက်သစ်တွေက လက်မခံကြတော့ပါဘူး။ ဆင်းရဲ ချမ်းသာ မညီမျှတဟာ နိုင်ငံရေးနဲ့ စီးပွားရေးစနစ်မှာ မညီမျှမှုနဲ့ အကျင့်ပျက်မှုတွေ ရှိနေတာကြောင့်လို့ သဘောပေါက်လာကြပါတယ်။
လူငယ်မျိုးဆက်သစ်တွေ ကိုင်စွဲထားတဲ့ တန်ဖိုးသစ်တွေနဲ့အတူ ထိုင်းလူ့အဖွဲ့အစည်းက ဘယ်ကို ဦးတည်နေသလဲ။ တချို့ကျောင်းသားတွေ လိုချင်နေတဲ့ ဘုရင်စနစ် ဖျက်သိမ်းရေးအထိ သွားဖို့ကတော့ ထိုင်းလူ့အဖွဲ့အစည်း တခုလုံးက အဆင်သင့်ဖြစ်သေးပုံမရပါဘူး။ ခဲယဉ်းနိုင်ပါတယ်။ ဒါပေမဲ့ ဘုရင်စနစ်ကို ကာဘာယူပြီး ထင်သလိုလုပ်နေတဲ့ ရေပေါ်စီ လူတစုရဲ့ မတရားမှုကတော့ တဖန် ပွင့်ကျလာပါတယ်။
အပေါ်ယံ ဒီမိုကရေစီ အယောင်ပြထားပေမယ့် ထိုင်းလူ့အဖွဲ့အစည်းကို အကျင့်ပျက်တဲ့ ပဒေသရာဇ်စနစ်၊ အာဏာမက်တဲ့ စစ်ဗိုလ်ချုပ်တစ်စုရဲ့ လက်ထဲမှာ ၀ ကွက်အပ်ထားပြီး သူတို့ ခြယ်လှယ်သလို မခံဖို့ လူငယ်တွေက သတင်းစကားပေးနေပါတယ်။ မတရားမှုတွေ၊ မမျှတမှုတွေဟာ ခေါင်းငုံ့ခံနေရင် ပိုဆိုးလာတတ်တယ် ဆိုတာကို လူငယ်မျိုးဆက်သစ်တွေက မျိုးဆက်ဟောင်းတွေနဲ့ တနိုင်ငံလုံးကို ခေါင်းလောင်းထိုးပေးလိုက်တာ ဖြစ်ပါတယ်။
နေသွင်ညိဏ်း