ဖားကန့် ရေဘေးသင့်ပြည်သူများအတွက် အစားအစာနှင့် ရေသန့်များလှူဒါန်း
DVB
·
August 19, 2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ရေဘေးသင့်ပြည်သူတွေ စားဝတ်နေရေးအခက်ကြုံနေတဲ့ အတွက် ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခေါက်ဆွဲခြောက်ဘူးတွေနဲ့ ရေသန့်တွေ သွားရောက်လှူဒါန်းခဲ့ကြပါတယ်။
ဩဂုတ်လ ၁၆ ကနေ ၁၈ ရက်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ဥရုချောင်းမှ ရေကြီးမှုဒဏ် ခံရတဲ့ ငှက်ပျောတောရပ်ကွက်၊ မြို့မရပ်ကွက်၊ အေးမြသာယာရပ်ကွက်၊ မရှီကထောင်ရပ်ကွက်၊ လုံးခင်းကျေးရွာအတွင်းရှိ အိမ်ခြေပေါင်း ၇၀၀ ကျော်ရှိ ရေဘေးသင့်ပြည်သူတွေထံ အစာနဲ့ ရေ သွားရောက်လှူဒါန်းခဲ့တာပါ။
ဖားကန့်မြို့နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးသိန်းဟန်က “ရေကကြီးသွားပြီဆိုတော့ ကျနော်တို့အနေနဲ့ နောက်ကနေ ဘာတွေ လိုက်ပံ့ပိုးပေးရမလဲစဉ်စားရပါတယ်။ အခြေခံ အခုလိုအပ်နေတာက စားဝတ်နေရေးပါ။ ပြီးတော့ သောက်စရာ ရေသန့်အခက်အခဲဖြစ်ကြမယ်လေ။ ဆက်လက်ပြီးတော့လည်း ရေဘေးသင့်ပြည်သူတွေကို လိုအပ်တာတွေ ကူညီနေမှာပါ။ ဘယ်သူရယ် ဘယ်ဝါရ လုံးဝ မခွဲခြားပါဘူး ။ ဖားကန့်ကတော့ မိုးလေးနည်းနည်း မများလိုက်နဲ့ ရေက တန်းကြီးတော့တာပါပဲ။”လို့ ပြောပါတယ်။
ဖားကန့်မြို့မှာ မိုးများပြီး ဥရုချောင်းရေကြီးမှုဟာ ၂၀၂၀ ခုနှစ်အတွင်း ၉ ကြိမ်အထိ ရှိခဲ့ပြီး ဒီနှစ် ရေကြီးမှုကတော့ ၃ နှစ်တာကာလအတွင်း အဆိုးဝါးဆုံး ရေကြီးမှုတစ်ခုဖြစ်တယ် ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်က ပြောပါတယ်။
မိုးဆက်မရွာတော့တာကြောင့် ရေကြီးမှုတွေ ထပ်မံမဖြစ်တော့ပေမယ့် မြို့ပေါ် (၄) ရပ်ကွက် ဖြစ်တဲ့ ငှက်ပျောတော၊ မြို့မ၊ အေးမြသာယာ၊ မရှီကထောင် ရပ်ကွက်နဲ့ လုံးခင်းကျေးရွာတချို့ နေရာတွေမှာရေနစ်မြုပ်နေလို့ ဒေခံတွေ စားဝတ်နေရေးအခက်အခဲရှိနေပြီး အလှူရှင်လိုအပ်နေတယ်လို့ ကွန်းဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးသန်းဇော်ကွန်းက ပြောပါတယ်။
သတင်း- စစ်ကိုနိုင်ထွန်း