ချောက်မြို့ရှိ စားသောက်ဆိုင်ကြီး ၁၃ ဆိုင်ကို ရှောင်တခင်ဝင်ရောက်စစ်ဆေး
DVB
·
August 19, 2020
ချောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နဲ့ ဌာနဆိုင်ရာပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဩဂုတ် ၁၉ ရက်နေ့ကမြို့ပေါ်ရှိ စားသောက်ဆိုင်ကြီး ၁၃ ဆိုင်ကို ရှောင်တခင်ဝင်ရောက်စစ်ဆေးရာမှာ ကျန်းမာရေး စည်းကမ်းလိုက်မှုအားနည်းချက်တွေနဲ့ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ မြို့နယ်စည်ပင် အမှုဆောင် အရာရှိ ဦးနေမန်းက ပြောပါတယ်။
"ပထမအကြိမ်ဆိုင်ရှင်တွေကို ဝန်ခံကတိ လက်မှတ်ရေးထိုးခိုင်းတာပါ။ ဒုတိယအကြိမ်က ဒဏ်ငွေပေါ့။ ဒုတိယအကြိမ်မှာ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်ကော်မတီကို တင်မယ်။ ကော်မတီက ဆုံးဖြတ်တဲ့ ဒဏ်ကြေးငွေ၊ တတိယအကြိမ်ဆိုရင် ဆိုင်ပိတ်သိမ်းရမယ်။ ဆိုင်ပိတ်သိမ်းရက်ကတော့ကော်မတီရဲ့ ဆုံးဖြတ်ချက် ရက်၊ လ ဆိုင်ပိတ်သိမ်းရမယ်။ အခါအားလျော်စွာ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုတွေ ဆောင်ရွက်သွားမှာ။ "
တွေ့ရှိခဲ့တဲ့ ဆိုင်ပိုင်ရှင် ၁၃ ဦးကို စည်ပင်သာယာရေးအဖွဲ့ရုံးကို ခေါ်ပြီး ပထမအကြိမ် သတိပေးဝန်ခံကတိလက်မှတ်ရေးထိုးခိုင်းသွားမယ်လို့ သိရပါတယ်။
အဆိုပါဆိုင်ကြီး ၁၃ ဆိုင်ကို ရှောင်တခင် စစ်ဆေးရာမှာ ဆိုင်ပိုင်ရှင်နဲ့ ဝန်ထမ်းတွေက Mask၊ face shield (မျက်နှာကာ)၊ Apron (ရှေ့ဖုန်းအင်္ကျီ)၊ ခေါင်းဆောင်းတို့ကို တပ်ဆင်ထားခြင်းမရှိဘူးလို့ ဆိုပါတယ်။
ချောက်မြို့ပေါ်မှာ လက်ဖက်ရည်၊ အအေး၊ မုန့်ဟင်းခါးခေါက်ဆွဲ၊ စားသောက်ဆိုင်စုစုပေါင်း ဆိုင် ၈၀ ကျော်က ဆိုင်ထိုင်စားသုံးစနစ်နဲ့ ဖွင့်လှစ်ရောင်းချမှုအတွက် တရားဝင်စစ်ဆေးပြီးမှ ပြီးခဲ့တဲ့ မတ်လထဲက ပြန်လည်ဖွင့်လှစ်ခဲ့တာပါ။
ရှောင်တခင် စစ်ဆေးရာမှာ ချောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဦးဆောင်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူအင်အား ဦးစီးဌာနနဲ့ မြို့နယ်စည်ပင်သာယာရေးကော်မတီတာ ဝန်ရှိသူတွေ ပါဝင်ပါတယ်။
သတင်း- ကိုလင်း(ချောက်)