အမ်းမြို့နယ်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ၊ အမျိုးသမီး ၁ ဦး ဒဏ်ရာပြင်းထန်
ဝဏ္ဏခွာညို
·
August 14, 2020
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကုဇုကိုင်းကျေးရွာအုပ်စု ဆင်ဦးတိုက်ကျေးရွာက ဇနီးမောင်နှံ နှစ်ဦးဟာ ဩဂုတ် ၁၂ ရက်က ဥယျာဉ်ခြံအတွင်း တညင်းသီးဆွတ်ခူးနေစဉ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အမျိုးသမီးမှာ ဒဏ်ရာပြင်းထန်စွာရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒဏ်ရာပြင်းထန်စွာရရှိခဲ့တဲ့ ဆင်ဦးတိုက်ကကျေးရွာက အမျိုးသမီးဟာ ဒေါ်မိုးမိုး (၄၂ နှစ်) ဖြစ်ပြီး ဘယ်ဘက်ခါးမှာ ဒဏ်ရာရရှိသွားတာကြောင့် ကမ်းထောင်းကြီးဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။
အမ်းမြို့နယ်မှာ လူမှုကူညီရေးဆောင်ရွက်ပေးနေတဲ့ ကိုမျိုးလွင်က “ကမ်းထောင်းကြီး ကယ်ဆယ်ရေးစခန်းမှာနေတဲ့ ဇနီးမောင်နှံ ၂ ဦးက မိမိဥယျာဉ်မှာ တညင်းသီးခူးဆွတ်နေစဉ် ကဇုကိုင်းကျေးရွာရှိ ရွာတောင်ကြီးမှာစခန်းချထားတဲ့ တပ်မတော်စခန်းက လက်နက်ကြီးနဲ့ လှမ်းပစ်လိုက်လို့ ဇနီးသည်အနားမှာ ကျရောက်ပေါက်ကွဲလို့ ခါးမှာဒဏ်ရာ ရရှိသွားတာပါ။ သူ့ရဲ့ ယောကျ်ားကတော့ ဘာမှမဖြစ်လိုက်ဘူး။” လို့ပြောပါ တယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်ကလည်း ကဇုကိုင်းအုပ်စု ဂျိတ်တောကျေးရွာက ကျေးရွာသား ၁ ဦးမှာ ဥယာဉ်ထဲ တညင်းသီးသွားခူးနေစဉ်မှာ မြေမြုပ်မိုင်းပေါက်ကွဲခဲ့လို့သေဆုံးခဲ့ပါတယ်။ သေဆုံးသွားတဲ့ အလောင်းကိုသယ်ယူနေတဲ့ချိန် နောက်ထပ်မြေမြှုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့လို့ ထပ်မံ ၁ ဦး သေဆုံး သွားပြီးနောက်တစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါတယ်။