ဧရာဝတီတိုင်းစည်ပင်ဥပဒေသစ်တွင် တိုင်းစည်ပင်ကော်မတီဖွဲ့စည်းရန် ထည့်သွင်း
DVB
·
August 11, 2020
ဧရာဝတီတိုင်းဒေသကြီးစည်ပင်သာယာရေးဥပဒေသစ်ကို တိုင်းဒေသကြီးလွှတ်တော် ၂၄ ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာ လွှတ်တော်သို့တင်သွင်းသွားမယ်လို့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။
ဥပဒေမူကြမ်းမှာ တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီဖွဲ့စည်းဖို့ ထည့်သွင်းရေးဆွဲ ထားပြီး ကော်မတီကို အဖွဲ့ဝင် ၁၁ ဦးနဲ့ ဖွဲ့စည်းသွားမှာဖြစ်ကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။
“စည်ပင်သာယာရေးကော်မတီများ ဖွဲ့စည်းတဲ့နေရာမှာ မြို့နယ်အဆင့်၊ မြို့အဆင့် စည်ပင် သာယာရေးကော်မတီတွေကိုသာ ဖွဲ့စည်းခဲ့ပြီးတော့ တိုင်းဒေသကြီးကော်မတီဆိုတာ ဥပဒေမှာ မရှိခဲ့ပါဘူး”လို့ စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်က ပြောပါတယ်။
တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီမှာ ဥက္ကဋ္ဌကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာဝန်ကြီးက တာဝန်ယူပြီး တိုင်းဒေသကြီးစည်ပင်သာယာရေး ညွန်ကြားရေးမှူးက အတွင်းရေးမှူး၊ ခရိုင် ၆ ခုမှ စည်ပင်သာယာရေးကော်မတီဝင် ၆ ဦးရွေးချယ်သွားပြီး တိုင်းဒေသကြီးအစိုးရ အရပ်သား ၃ ဦးကိုရွေးချယ်သွားဖို့ စည်ပင်သာယာရေးဥပဒေမူကြမ်းမှာ ရေးဆွဲထားကြောင်း သိရှိရပါတယ်။
တိုင်းဒေသကြီးအစိုးရက ၂၀၁၈ခုနှစ်မှာ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေကို အသစ်ပြန်လည်ရေးဆွဲခဲ့တာဖြစ်ပြီး ဥပဒေကြမ်းကို အတည်ပြုပေးဖို့ တိုင်းဒေသကြီး လွှတ်တော်သို့ ၂၀၁၉ ခုနှစ်မှာ တင်ပြခဲ့ပါတယ်။
စည်ပင်သာယာရေးဥပဒေမူကြမ်းကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ မြို့နယ်၊ မြို့စည်ပင်သာယာရေးကော်မတီတွေကို ပေးပို့ပြီး ပြင်ဆင်လိုတဲ့အချက်တွေကို မေးမြန်းထားကာ အကြံပြုချက်တွေရရှိထားပြီး ဖြစ်တယ်လို့ သိရှိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေကို ၂၀၁၃ ခုနှစ်က ဧရာဝတီတိုင်း လွှတ်တော်မှာ အတည်ပြုပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးမှာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၂၆ ဖွဲ့နဲ့ စည်ပင်သာယာရေးအဖွဲ့ ၇ ဖွဲ့ရှိပါတယ်။
ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ၂၄ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို သြဂုတ် ၁၉ ရက်မှာ ကျင်းပဖို့ အစီအစဉ်ရှိပါတယ်။
သတင်း - စည်သူမောင်မောင်