Homeမြန်မာသတင်း
လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ရှမ်းအရှေ့နှင့်တောင်ပိုင်း ၁၀ မြို့နယ် ဝင်ပြိုင်မည်
လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ရှမ်းအရှေ့နှင့်တောင်ပိုင်း ၁၀ မြို့နယ် ဝင်ပြိုင်မည်
DVB
·
August 9, 2020
ရှမ်းပြည်နယ် တောင်ပိုင်းနဲ့အရှေ့ပိုင်းရှိ ၁၀ မြို့နယ်ကို ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ပြောပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ တောင်ပိုင်း ၁၀ မြို့နယ်အတွင်းမှာ လွှတ်တော် ၁၇ နေရာအထိဝင်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
ရှမ်းပြည်နယ်ရှေ့ပိုင်းမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၈ နေရာ၊ ရှမ်းတောင်မှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂ နေရာ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃ နေရာ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁ နေရာနဲ့ လားဟူတိုင်းရင်းသားလူမျိုး ရေးရာ ဝန်ကြီး ၁ နေရာတို့ ယှဉ်ပြိုင်သွားမယ်လို့ လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌဒေါ်အေးသီတာမြင့် က ပြောပါတယ်။
“ကျမတို့က ရှမ်းတောင်နဲ့ ရှမ်းရှေ့ကို ၁၇ နေရာ ဝင်ပြိုင်ဖို့ လုပ်ထားတယ်။ ကျမတို့က ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနဲ့ တိုင်းရင်းသားတန်းတူကိုင်ပိုင်ပြဋ္ဌာန်းရေးကို ရည်ရွယ်တယ်။ ကိုယ်စားလှယ်လောင်းစာရင်းတွေ အကုန်တင်ပြီးပြီ၊ လွတ်လပ်ပြီးမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ မျှော်လင့်နေပါတယ်။”
လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီအနေနဲ့ လူငယ်နဲ့အမျိုးသမီးကို ဦးစားပေးခဲ့ပေမယ့် ရွေးကောက်ခံ လူငယ်ကိုယ်စားလှယ်လောင်းတွေ မရှိဘူးလို့ ဆိုပါတယ်။
“ကိုယ်စားလှယ်လောင်း ၁၇ ဦးမှာ အမျိုးသမီး သုံးဦးပါတယ်၊ လူငယ်နဲ့အမျိုးသမီးကို ဦးစားပေးခဲ့တယ်။ ဒါပေမယ့် ကိုယ်စားလှယ်လောင်း တင်လာတဲ့အခါ ဝင်ပြိုင်မယ့် လူငယ်ကိုယ်စားလှယ်တွေက မရှိဘူး” လို့ ဒေါ်အေးသီတာမြင့်က ပြောပါတယ်။
ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကိုလည်း မြို့နယ်အလိုက် ပြည်သူတွေရဲ့ သဘောဆန္ဒနဲ့အညီ ရွေးချယ်ထားတာလို့ဆိုပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ရှမ်းတိုင်းရင်းသားတွေအများဆုံးနေထိုင်ကြပြီး လားဟူတိုင်းရင်းသားတွေက ဒုတိယ အများဆုံးနေထိုင်ကြပါတယ်။
လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီအနေနဲ့ ရှမ်းတောင်မှာ နမ့်စန်နဲ့ ကျေးသီးမြို့နယ် တွေမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ရှမ်းအရှေ့ မှာတော့ မိုင်းယောင်းနဲ့ မိုင်းယန်းမြို့နယ်ကလွဲပြီး ကျန် ၈ မြို့နယ်လုံး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
ခွန်ရာဇာ