ရန်ကုန်တိုင်းတွင် မဲစာရင်းလာကြည့်သူ ၁၉ ရာခိုင်နှုန်းကျော်သာရှိ
DVB
·
August 7, 2020
ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲစာရင်းလာကြည့်သူ ၁၉ ရာခိုင်နှုန်းကျော်သာရှိတယ်လို့ ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးတင်မောင်အေးက ဒီဗွီဘီကို ပြောပါတယ်။
ကနဦးမဲဆန္ဒရှင်စာရင်းအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၅၆ သိန်းကျော်ရှိနေတာဖြစ်ပြီး သြဂုတ် ၇ ရက်အထိ မဲစာရင်းလာကြည့်သူ ၁၁ သိန်း ဝန်းကျင်သာရှိနေသေးတယ်လို့လည်း ပြောပါတယ်။
မဲစာရင်း လာရောက်ကြည့်ရှုသူတွေထဲမှာ အမည်စာရင်းမပါဝင်လို့ တောင်းဆိုလွှာ ပုံစံ(၃)နဲ့ပြန်လျှောက်သူ ၁၁၀၀၀၀ ကျော်ရှိပြီး မပါဝင်သင့်သူတွေပါဝင်နေလို့ ပုံစံ (၄)နဲ့ ကန့်ကွက်ထားသူ ၁၇၀၀၀ ဝန်းကျင်နဲ့ မဲစာရင်းပါအချက်အလက်တွေမှားယွင်းနေလို့ ပုံစံ (၄-ဂ)နဲ့ ဖြည့်စွက်ထားသူ ၅၅၀၀၀ ဝန်းကျင်ရှိတယ်လို့သိရပါတယ်။
လက်ရှိမှာတော့ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ လိုအပ်တဲ့ တောင်းဆိုလွှာ၊ ကန့်ကွက်လွှာ၊ ပြင်ဆင်လွှာတွေကိုတင်ပြရာမှာ အချိန်ပိုမိုရရှိစေဖို့အတွက် မဲစာရင်းကပ်ထားမှုကို သြဂုတ်လ ၁၄ ရက်နေ့ထိ တစ်ပတ်ထပ်တိုးပေးထားပါတယ်။
သတင်း-ထက်ဝေအောင်