Home
မြန်မာသတင်း
ပန်းတနော်မြို့နယ် CB ဘဏ်ခွဲ ဓားပြတိုက်သူကို ရဲက ပိတ်ဆို့ရှာဖွေနေ  
DVB
·
August 7, 2020
117526013_910211816129829_7327193838765489990_o
117236927_910211859463158_8988468251830675681_n
116792557_910211792796498_51781824456594664_o
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ် အလယ်ပိုင်းရပ်ကွက် သီဟလမ်းနဲ့  အနော်ရထာလမ်းဒေါင့်ရှိ CB ဘဏ်ခွဲအတွင်း ဝင်ရောက်ဓားပြတိုက် ငွေတွေယူ ထွက်ပြေးသွားတဲ့  သေနတ်သမား ၁ ဦးကို ပိတ်ဆို့ ရှာဖွေနေတယ်လို့  တိုင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ဒီဗွီဘီကို ပြောပါတယ်။ "ခုတော့ တိုင်းရဲတပ်ဖွဲ့မှူး ကိုယ်တိုင် ပန်းတနော်ကို သွားပြီး တရားခံဖမ်းမိဖို့ ဆောင်ရွက်နေပါပြီ၊ ခုလည်း နယ်မြေ ရဲတပ်ဖွဲ့တွေ ချိတ်ဆက်ပြီး ပိတ်ဆို့ရှာဖွေတာတွေ လုပ်နေပါပြီ"လို့ ပြောပါတယ်။ ဘဏ်ဖွင့်ချိန် ဒီနေ့မနက် ၁၀ နာရီခွဲအချိန်မှာ မိုးကာအင်္ကျီ အဖြူ လက်အိတ်အမဲကို ဝတ်ဆင်လာပြီး နှာခေါင်းစည်း(Mask) တပ်ဆင်လာသူ အသက် ၃၀ အရွယ် အမျိုးသား ၁ ဦးရောက်ရှိလာကာ ပစ္စတိုသေနတ်ကိုင်ဆောင်ပြီး ဘဏ်ဝန်ထမ်းတွေကို ခြိမ်းခြောက်ပြီး ငွေတောင်းခံခဲ့တာဖြစ်ပါတယ်။ သေနတ်သမားက ငွေခြိမ်းခြောက်တောင်းခံခဲ့လို့ ဘဏ်ဝန်ထမ်းတွေက ငွေကျပ် သိန်း ၁၂၀ ကျော်ကို ပေးလိုက်ရတာနဲ့ ပတ်သက်ပြီး အရေးယူပေးဖို့ ရဲတပ်ဖွဲ့ထံသတင်းပေးတိုင်ကြားခဲ့ တာလို့ ဆိုပါတယ်။ လက်ရှိအချိန်မှာ အနုကြမ်းစီးခံရတဲ့ ဘဏ်သို့ ရဲတပ်ဖွဲ့ဝင်တွေ ဒေသခံအာဏာပိုင်တွေနဲ့ တာဝန်ရှိသူတွေရောက်ရှိနေပြီးဘဏ်ရဲ့ CCTV မှတ်တမ်းတွေကို စစ်ဆေးနေကာ တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်နေပြီလို့  မျက်မြင်ဒေသခံတွေက ပြောပါတယ်။ " ဖြစ်သွားတာတော့ မသိလိုက်ဘူး၊ ရဲတွေရောက်လာပြီး စစ်ဆေးတာတွေလုပ်မှ သိရတာပါ။ လောလောဆယ်တော့ သူတို့တွေစစ်ဆေးနေပါတယ်။ သေနတ်သမားကတော့ လွတ်သွားတာပေါ့"လို့ အခင်းဖြစ်နေရာကို ရောက်ရှိနေတဲ့ ဒေသခံတစ်ဦး ဒီဗွီဘီ ကိုပြောပါတယ်။ လက်ရှိအချိန်တွင်တော့ ပုသိမ်မြို့ ဒိုက်ထူစစ်ဆေးရေး ဂိတ်မှာ ရန်ကုန်ဘက်မှ ပုသိမ်မြို့ဘက်သို့ ယာဉ်တွေကို စစ်ဆေးမှုများပြုလုပ်နေစဉ် လူ ၅ ဦးကို မင်္သကာသဖြင့် ရဲစခန်းကိုခေါ်ယူစစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ရဲတပ်ဖွဲ့ထံက သိရပါတယ်။ သတင်း - မင်းထက်မုန်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024