ကျောင်းကုန်းမြို့နယ်ရှိ စပါးခင်းများတွင် စပါးကုပ်ကျိုးရောဂါ ဖြစ်ပွားနေ
DVB
·
August 4, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်မှာ မိုးလယ်ကာလရောက်ရှိနေပေမယ့် မိုးရွာသွန်းမှုနည်းပါးလို့ တောင်သူအများစုရဲ့ လယ်မြေတွေမှာ စပါးကုပ်ကျိုးရောဂါ လက္ခဏာတွေ တွေ့ရှိနေရတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။
လယ်မြေအများစုမှာ စပါးကုပ်ကျိုးရောဂါလက္ခဏာတွေဖြစ်တဲ့ ပျိုးခင်းမှ အနှံထွက်ချိန် အရွက်၊ ပင်စည်အနှံတွေဟာ နီညိုရောင် လွန်းပုံသဏ္ဍာန် အကွက်တွေဖြစ်ပေါ်နေတာတွေ ရှိတယ် လို့ ဒေသခံတောင်သူ ဦးဝင်းစိန်က ပြောပါတယ်။
"လယ်ယာမြေတွေမှာ အပူဒဏ်ကြောင့် ရေလိုအပ်ချက်တွေ ဖြစ်ပေါ်နေတဲ့အတွက် ငွေကြေး အဆင်ပြေသူတွေသာ ရေသွင်းစိုက်ပျိုးနိုင်လို့ အဆင်ပြေနေပြီး တခြားလယ်သမားအများစု အခက်ကြုံနေတယ်။"
တောင်သူတွေအနေနဲ့ ရောဂါခံနိုင်ရည်ရှိတဲ့ စပါးမျိုးတွေကို စိုက်ဖို့နဲ့ အပင်စိပ်စိပ်စိုက်တာကို ရှောင်ဖို့ရောဂါလက်ခံပင်ဖြစ်တဲ့ ရိုးပြတ်တွေနဲ့ ပေါင်းတွေကို ရှင်းဖို့၊ မျိုးစေ့လူးနယ်ဆေး တစ်မျိုးမျိုးနဲ့ လူးနယ်စိုက်ပျိုးဖို့အတွက် ကျောင်းကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက တိုက်တွန်း နှိုးဆော်ထားပါတယ်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဦးစီးမှူး ဦးထင်ကျော်ဦးက "ရောဂါပြင်းထန်ရင် အကွက်တစ်ခုနဲ့ တစ်ခုဆက်သွားပြီး စပါးရွက်ခြောက်သွားတာ အနှံအရင်းပိုင်း ကုပ်နဲ့ အရိုးတံပေါ်မှာ အနာကွက်တွေ ဖြစ်ပေါ်လာပြီး အနှံကျိုးတာကြောင့် စပါးထွက်နှုန်းကို သိသိသာသာ ကျဆင်းလာစေမှာဖြစ်လို့ တောင်သူတွေအနေနဲ့ အလေးထားဆောင် ရွက်ဖို့လိုပါတယ်" လို့ ပြောပါတယ်။
ကုပ်ကျိုးရောဂါအခင်းမှာ ပုလဲမြေသြဇာကို လုံးဝမထည့်ပဲ ပိုတက်ရှ်မြေသြဇာထည့်ပေးဖို့နဲ့ လိုအပ်ပါက ပင်လုံးပြန့် အာနိသင်ရှိတဲ့ မှိုသတ်ဆေးတွေကို အသုံးပြုဖို့ ကျောင်းကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက တိုက်တွန်းထားပါတယ်။
သတင်း- မင်းထက်မုန်း ၊ ဓာတ်ပုံ - ဝင်းကြိုင် (ကျောင်းကုန်း)