ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပမည့်ရက် တပတ်ရွှေ့ဆိုင်း
DVB
·
August 2, 2020
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ရာစုပင်လုံ) စတုတ္ထအကြိမ်ကျင်းပမယ့် ရက်ကို တပတ်ရွှေ့ဆိုင်းလိုက်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
ပင်လုံညီလာခံကျင်းပမယ့်ရက်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန် NRPC ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာကတည်းက သဘောတူညီမှုရရှိခဲ့ဖြစ်ပြီး ဩဂုတ်လ ၁ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ညှိနှိုင်းအစည်းအဝေးအပြီးမှာ ဦးဇော်ဌေးက သတင်းမီဒီယာသမားတွေကို ပြောကြားခဲ့တာပါ။
ညီလာခံကို မူလက ဩဂုတ်လ ၁၂ ရက်နေ့ စတင်ကျင်းပဖို့ လျာထားခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ ဩဂုတ် ၁၉ ရက်နေ့မှ စတင်ကျင်းပတော့မှာပါ။
“ ဇူလိုင် ၂၆၊ ၂၇၊ ၂၈၊ ၂၉ ရန်ကုန်မှာ ၄ ရက် ကျင်းပပြုလုပ်ခဲ့တဲ့ အလုပ်အဖွဲ့ အစည်းအဝေးမှာ ညီလာခံကျင်းပမယ့်ရက်ကို လာမယ့် သြဂုတ် ၁၉၊ ၂၀၊ ၂၁ မှာ ကျင်းပဖို့ အလုပ်အဖွဲ့က လျာထားတယ်။ နောက်တဖက်မှာလည်း နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲကျင်းပမယ့်ကာလရှိတဲ့အတွက် ဒီထက်တော့ နောက်ဆုတ်လို့ မရဘူးပေါ့နော်။ နိုင်ငံရေးပါတီတွေအနေနဲ့လည်း ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ စည်းရုံးလှုပ်ရှားမှုတွေ ဆောင်ရွက်ရတဲ့အတွက် ၁၉၊ ၂၀၊ ၂၁ ကျင်းပဖို့ ရှိပါတယ်။”
၈ ကြိမ်မြောက် JICM အစည်းအဝေးအပြီးမှာကတည်းက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံစတုတ္ထအကြိမ်ကို ၂၀၂၀ ပထမ ၄ လအတွင်း ကျင်းပဖို့ စီစဉ်ထားပေမဲ့ ကျင်းပနိုင်ခဲ့ခြင်းမရှိတာပါ။
ဒါ့အပြင် ဇူလိုင်လ အစောပိုင်းမှာ ညီလာခံကျင်းပဖို့ လျာထားခဲ့သေးပြီး အဆင်မပြေမှုတွေကြောင့် ရွှေ့ဆိုင်းခဲ့ရသလို အခုအချိန်မှာလည်း ထပ်မံရွှေ့ဆိုင်းရတာဖြစ်ပါတယ်။
ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)