Home
မြန်မာသတင်း
မောင်တော-အလယ်သံကျော်လမ်း ဆိုးရွားစွာပျက်စီးနေ
DVB
·
August 2, 2020
MaungTaw-Roaddestory
မောင်တော-အလယ်သံကျော် လမ်းပိုင်းရှိ လမ်းတွေ ဆိုးရွားစွာ ပျက်စီးနေတာကြောင့် ကုန်တင်ကားတွေ သွားလာဖို့ အခက်အခဲကြုံနေတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်-မောင်တော-အငူမော်ကားလမ်းရှိ ဝေသာလီကျေးရွာကနေ ဥဒေါင်းကျေးရွာအထိ လမ်းပိုင်းအား ကုန်တင်ကားများ သွားလာခွင့်ပိတ်ထားပြီး အဲဒီကုန်တင်ကားတွေကို မောင်တော-အလယ်သံကျော်လမ်းပိုင်းမှ သွားလာခွင့်ပြုထားတာပါ။ စစ်တွေက ကုန်လာပို့တဲ့ ကားဒရိုင်ဘာ ကိုလှသိန်းမောင်က  “ဝေသာလီ-ဥဒေါင်းလမ်းကို ပိတ်ထားတာကြာပါပြီ။ ကုန်တင်ကားတွေ လုံးဝသွားခွင့်မပြုဘူး။ မောင်တော-အလယ်သံကျော်လမ်းဟောင်းကပဲ သွားနေကြရတယ်။ အခုက လမ်းကပျက်စီးပြီး ကားတွေ နွံနစ်ပိတ်မိနေကြတယ်။ ၂ ရက်တောင်ရှိပါပြီ” လို့ DVB ကို ပြောပါတယ်။ မောင်တော-အလယ်သံကျော်လမ်းပိုင်းရဲ့ နုရ်လာရဲကင်းစခန်းနဲ့ ဂေါ်ဒူသာရရဲကင်းစခန်းကြား  ၃ ဖာလုံလောက် လမ်းပိုင်း ပျက်စီးနေတာလို့ ကုန်ကားမောင်းသူ ကိုစောမောင်က ပြောပါတယ်။ “အမှန်က ဒီလမ်းကို အမာခံပြုပြင်ဖို့လိုအပ်ပါတယ်။ ပြုပြင်နေစဉ် ယခင် ဝေသာလီ-ဥဒေါင်းလမ်းကို ဖွင့်ပေးသင့်တာပေါ့ဗျာ။ ဒီလမ်းလုပ်ပြီးတော့မှ ဟိုဘက်လမ်းကို သွားလာခွင့်ပိတ်ပေါ့၊ အခုက ဟိုဘက်လမ်းလည်း ပိတ်ထားတယ်။ ဒီဘက်လမ်းလည်း ပျက်စီးနေတယ်။”  ဝေသာလီ-ဥဒေါင်း ကွန်ကရစ်လမ်းမှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်က နယ်စပ်ရေးရာ ဝန်ကြီးဌာန ရန်ပုံငွေနဲ့ ဖောက်လုပ်ခဲ့တဲ့ ၁၃ မိုင်ရှည်လျားတဲ့ လမ်းဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဇူလိုင်လကစတင်ပြီး ကားလမ်းရေဝပ်ပြီး လမ်းပျက်စီးလာတာကြောင့် ၈ တန်အထက် ကုန်တင်ကားတွေ သွားလာခွင့်ကိုပိတ်ထားခဲ့ပြီး မောင်တော-အလယ်သံကျော် လမ်းပိုင်းကနေ သွားလာခွင့်ပြုထားတာပါ။ လမ်းပိုင်းပျက်စီးနေမှုနဲ့ ပတ်သက်ပြီး မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က “ကုန်တင်ကားတွေက တန်တွေ အပိုတင်တာများတယ်။ အခု အလယ်သံကျော်လမ်း ကုန်ယာဉ် ၁၃ တန်ပဲ ခွင့်ပြုထားတာ ၁၃ တန်အထက်ထိ အပိုတင်တာတွေရှိနေတယ်။ လူရောကာရော အရေးယူမှုတွေ လုပ်ဆောင်ဖို့ရှိတယ်။ ဟိုဘက် ဝေသာလီလမ်းကိုလည်း ဒီလိုမပျက်စီးရအောင်လို့ ပိတ်ထားရတာ။ အခု ပျက်စီးနေတဲ့အပိုင်းကိုတော့ (ပဆင) ကိုပဲ ပြုပြင်ဖို့ ညွှန်ကြားရမှာပေါ့” လို့ ပြောပါတယ်။ လင်းလက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024