ရန်ကုန်-ကိုကိုးကျွန်းသင်္ဘောခရီးစဉ် ပြန်လည်ပြေးဆွဲမည်
စိုးမိုးအောင်
·
July 29, 2020
ကိုကိုးကျွန်းမီးလင်းရေးစီမံကိန်းကို ဒီဇင်ဘာလ မကုန်ခင်ဆောင်ရွက်ရမှာဖြစ်လို့ ရပ်နားထားတဲ့ ရန်ကုန်-ကိုကိုးကျွန်းသင်္ဘောခရီးစဉ်ကို အခုလမကုန်ခင် ပြန်လည်ပြေးဆွဲမယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ တွဲဖက် အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။
ရန်ကုန်-ကိုကိုးကျွန်း သင်္ဘောပြေးဆွဲမှုခရီးစဉ်ကို ကိုဗစ်-၁၉ ကာလဖြစ်လို့ ရောဂါ မကူးစက် အောင် ရပ်နားထားတာဖြစ်ပြီး ၂၀၂ဝပြည့်နှစ်မှာ ရန်ကုန်တိုင်း တတိုင်းလုံး လျှပ်စစ်မီးလင်းရေး အစီအစဉ်အရ ကိုကိုးကျွန်းမြို့နယ်မှာ လျှပ်စစ်မီးရရှိဖို့အတွက်ဆောင်ရွက်ဖို့ရှိတာကြောင့် ရပ်နားထားတဲ့ ရန်ကုန်-ကိုကိုးကျွန်း သင်္ဘောခရီးစဉ်ကို ဇူလိုင်လမကုန်ခင်မှာ ပြန်လည်ပြေးဆွဲမယ်လို့ YRTA က ဆိုပါတယ်။
ပြန်လည်ပြေးဆွဲမယ့် ရန်ကုန်-ကိုကိုးကျွန်းခရီးစဉ်ကိုတော့ လျှပ်စစ်မီးပေးရေးမှာ အသုံးပြု မယ့် ဓာတ်တိုင်တွေ၊ လျှပ်စစ်နဲ့သက်ဆိုင်တဲ့ပစ္စည်းတွေကိုသာ ပို့ဆောင်မှာဖြစ်ပြီး ခရီးသည်တွေ အရင်လိုတင်ဆောင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
လျှပ်စစ်ပစ္စည်းတွေဟာ တန် ၃၀၀ လောက်ရှိတာကြောင့် အရင်လူစီးသင်္ဘောနဲ့ရမှာ မဟုတ်တာကြောင့် သင်္ဘောပြောင်းလဲတာတွေလုပ်ဖို့လည်း ရှိတယ်လို့ ဆိုပါတယ်။