အမ်းမြို့နယ်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ၄ ဦး ဒဏ်ရာရ
DVB
·
July 27, 2020
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇူးကိုင်းကျေးရွာအုပ်စု၊ သဲကမ်းထောင်းကျေးရွာမှာ ဇူလိုင် ၂၆ ရက် မနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ၄ ဦး ဒဏ်ရာရခဲ့ပြီး ကမ်းထောင်းကြီးမြို့ ဆေးရုံကို ပို့ဆောင်ကုသထားရပါတယ်။
သဲကမ်းထောင်းကျေးရွာနေသူတဦးက “မနက် ၁၀ နာရီလောက်ကပေါ့၊ ကဇူးကိုင်းတောင်ပေါ်မှာ တပ်မတော်က လက်နက်ကြီး စခန်းချထားတဲ့ နေရာက ပစ်လိုက်တာပေါ့။ အဲဒီမပစ်ခင်အချိန်မှာ စက်လှေတစီးက ရွာဆိပ်ကို ကပ်ဖို့လုပ်နေတဲ့အချိန်မှာ ပစ်လိုက်တာပါ၊ ဘာကိုပစ်တာလည်း ဆိုတာကိုတော့ အတိအကျမသိဘူး၊ ပစ်လိုက်တဲ့အချိန်မှာ ရွာထဲကို လက်နက်ကြီးကျပြီးတော့ အမျိုးသမီး ၁ ယောက်မှာတော့ ဝမ်းဗိုက်မှာ၊ ယောကျ်ား ၁ ယောက်မှာလည်း ဝမ်းမှာ ဒဏ်ရာရတယ်။ ကျန်တဲ့ ၂ ယောက်မှာတော့ လည်ကုတ်မှာ ၁ ယောက် နဲ့ ပါးမှာ ဒဏ်ရာရသွားတယ်” လို့ ပြောပါတယ်။
အဲဒီ သဲကမ်းထောင်းကျေးရွာအနီးမှာ တပ်မတော်နဲ့ အေအေတို့တိုက်ပွဲဖြစ်ပွားတာ မရှိဘူးလို့ ဆိုပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ထွန်းထွန်းညီနဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့ကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
အမ်းမြို့နယ်၊ ကဇူးကိုင်းကျေးရွာအုပ်စု ဆင်ဦးတိုက်ကျေးရွာမှာ ပြီးခဲ့တဲ့ဧပြီ ၈ ရက်နေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဧပြီ ၁၂ ရက်နေ့မှာလည်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့သလို ဇွန် ၂၆ ရက်နေ့ညနေကလည်း နတ်မော်ကျေးရွာထဲ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ၂ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အခုလို အမ်းမြို့နယ်မှာ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲနေတာဟာ တပ်မတော်က ပစ်ခတ်တာကြောင့်လို့ ဒေသခံတွေက စွပ်စွဲပြောဆိုနေကြပေမဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့က ဗိုလ်ချုပ်ထွန်းထွန်းညီကတော့ တပ်မတော်က အရပ်သားတွေကို ပစ်ခတ်တာတွေ မရှိဘူးလို့ ပြောဆိုထားပါတယ်။
နောင်နောင်