ရေးမြို့နယ် အန်အယ်လ်ဒီ ဦးစားပေးကိုယ်စားလှယ်လောင်း အမည်မပါသဖြင့် ကန့်ကွက်
DVB
·
July 25, 2020
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မဲဆန္ဒနယ်မြေအမှတ် (၂) ပြည်နယ်လွှတ်တော်နေရာအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းမှာ ဦးစားပေး ရွေးချယ်လိုက်တဲ့သူ မပါလာတဲ့အပေါ် ပါတီဝင်အချို့နဲ့ ဝန်းရံသူတွေက အန်အယ်လ်ဒီ တာဝန်ရှိသူတွေထဲ ကန့်ကွက်စာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်အနေနဲ့ မြို့မိမြို့ဖနဲ့ မြို့နယ်အလုပ်အမှုဆောင်များ ရွေးချယ်ခဲ့တဲ့ပွဲမှာ မဲတစ်မဲသာရရှိခဲ့ပြီး ဦးစားပေးစာရင်းမှာမပါရှိဘဲ ပါဝင်လာမှုအပေါ် ရပ်ကွက်နဲ့ ကျေးရွာတွေက ပါတီဝင်တွေနဲ့ ပါတီကို ဝန်းရံကြသူတွေက မြို့နယ်ပါတီရုံးမှာ ဇူလိုင် ၂၄ ရက်က လာရောက်ကန့်ကွက်ခဲ့ကြပြီး အခုလို စာပေးပို့ခဲ့ကြတာပါ။
ဇီးဖြူသောင်ကျေးရွာနေ NLD ပါတီဝင် ဦးတေဇက “မဲတစ်မဲပဲရတဲ့သူက ခုလိုပါလာတာဟာ ပါတီမူဝါဒနဲ့အညီ မလုပ်ခဲ့ဘူးလို့မြင်ပါတယ်။ မြို့နယ်အထိ ကွင်းဆင်းစိစစ်ပေးဖို့တောင်းဆိုပါတယ်။ လက်ရှိအတိုင်းဆိုရင်တော့ အောင်နိုင်ရေး ပျက်သုဉ်းသွားနိုင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
အောင်သုခရပ်ကွက်နေ ပါတီအားပေးထောက်ခံသူတဦးက “ခုကိစ္စက အတော်ကို လွဲနေပါတယ်။ ဦးစားပေးတွေမပါဘဲနဲ့ ရွေးချယ်တဲ့နေရာမှာ မဲ ၁ မဲထဲသာပါလာတဲ့သူကို ရွေးလိုက်တာကို မေးခွန်းထုတ်စရာပါ၊ ဘာကြောင့်လဲ၊ ဘာအတွက်လဲဆိုတာ အောက်ခြေကို ပြန်ရှင်းပြပေးဖို့ လိုပါတယ်။ ဒါကမဖြစ်သင့်သလို အချို့ရပ်ရွာတွေမှာ ပါတီဆိုင်းဘုတ်တောင်ဖြုတ်မလို ဖြစ်ခဲ့တာတွေ၊ သူလာအရွေးခံရင် တားမြစ်မှုတွေ လုပ်လာတာတွေ ပြောဆိုလာလို့ ပါတီပုံရိပ်တောင် ထိခိုက်သွားနိုင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဇွန်လ ၁၄ ရက်နေ့က မြို့မိမြို့ဖ ၅ ဦးနဲ့ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့၊ လူငယ်အမျိုးသမီးလုပ်ငန်းအဖွဲ့ စုစုပေါင်း ၂၁ ဦးက ဦးစားပေး (၁) ဦးကျော်မိုးအေး၊ ဦးစားပေး (၂) ဦးမင်းထူးတို့ကို မဲနဲ့စိစစ်ရွေးချယ်ပြီးတော့ တင်ပြပေးခဲ့ကြတာပါ။
အဲဒီကိစ္စနဲ့ပတ်သက်လို့ ရေးမြို့နယ်အလုပ်အမှုဆောင်ကော်မတီထံကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တစ်စုံတရာပြန်လည်ဖြေကြားဖို့ ခွင့်မပြုခဲ့ပါဘူး။
သတင်း၊ ဓာတ်ပုံ - ဝင်းနိုင်သက်