Homeမြန်မာသတင်း
၂၁ ရာစုပင်လုံညီလာခံကို FPNCC ဦးဆောင်မှုဖြင့် တက်ရောက်လိုဟု မြောက်ပိုင်း ၃ဖွဲ့ ထုတ်ပြန်
၂၁ ရာစုပင်လုံညီလာခံကို FPNCC ဦးဆောင်မှုဖြင့် တက်ရောက်လိုဟု မြောက်ပိုင်း ၃ဖွဲ့ ထုတ်ပြန်
DVB
·
July 21, 2020
မကြာခင်မှာကျင်းပဖို့ ရှိနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁- ရာစုပင်လုံညီလာခံ ကို UWSA ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FPNCC) ဦးဆောင်လမ်းညွှန်မှုနဲ့ လုံခြုံရေးအာမခံချက်ရှိတယ်ဆိုရင်တက်ရောက်ဖို့ ဆန္ဒရှိတယ်လို့ AA၊ TNLA၊ MNDAA မြောက်ပိုင်း ၃ ဖွဲ့ က ဇူလိုင်လ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ မြောက်ပိုင်းအဖွဲ့တွေ အကြားမှာ ရပ်တန့်နေတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေကိုလည်း အမြန်ဆုံးပြန်စတင်လိုတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
အဲဒီအပြင် သူတို့ ၃ ဖွဲ့အနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဆန့်ကျင်သလို ဘယ်အကြမ်းဖက်အဖွဲ့အစည်းနဲ့မှ ပတ်သက်မှုမရှိဘဲ တန်းတူအခွင့်အရေးရဖို့ အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲဝင်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တယ်လို့လည်း ထုတ်ပြန်ပါတယ်။
စတုတ္ထအကြိမ်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံကို သြဂုတ်လ ဒုတိယအပတ်မှာ နေပြည်တော်မှာ ကျင်းပနိုင်ဖို့ မျှော်မှန်းပြီး အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ်လက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေးထားကြပြီ ရက်အတိအကျတော့ သတ်မှတ် ကြေညာတာ မရှိသေးပါဘူး။
ကိုဗစ်- ၁၉ ကပ်ရောဂါဖြစ်ပွားနေချိန်ဖြစ်လို့ ကျန်းမာရေးစည်းကမ်းနဲ့ အညီ လူဦးရေ ကန့်သတ်ပြီး ညီလာခံကို ကျင်းပဖို့လည်း စီစဉ်နေတာဖြစ်ပါတယ်။