သရုပ်ဆောင်မေသန်းနု သာသနာ့ဘောင်ဝင်
DVB
·
July 18, 2020
ငွေကြေးလိမ်လည်မှုနဲ့ တရားစွဲခံရပြီး ထောင်ဒဏ် ၁ နှစ် ချမှတ်ခံရပြီး ဇူလိုင်လ ၁ ရက်မှာ အင်းစိန်ထောင်က ပြန်လည်လွတ်မြောက်လာသူ သရုပ်ဆောင်မေသန်းနုဟာ ဒီနေ့မှာပဲ သာသနာ့ဘောင်ကို ဝင်ခဲ့တယ်လို့ သိရပါတယ်။
သူဟာ ဇူလိုင်လ ၁၈ ရက်မှာ လှည်းကူးမြို့ သဘာဝဓမ္မဂါယာကျောင်းတိုက်မှာ သီလရှင်ဘဝ ခံယူပြီး သာသနာ့ဘောင်ကို ဝင်ရောက်သွားခဲ့တာပါ။
သရုပ်ဆောင်အကယ်ဒမီမင်းသမီး မေသန်းနုကို တရားလို ဒေါ်စန်းစန်းမြင့်က တိုက်ခန်းစရံငွေ ကျပ်သိန်း ၄၀၀ လိမ်လည်ယူခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ရန်ကင်းမြို့နယ်တရားရုံးမှာ တရားစွဲဆိုခဲ့တာဖြစ်ပြီး တရားရုံးက ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂ ရက်မှာ ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၅၉ နှစ်အရွယ် မေသန်းနုဟာ ၁၉၈၅ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ သင်္ကြန်မိုး ရုပ်ရှင်နဲ့အတူ အောင်မြင်ခဲ့တာဖြစ်ပြီး အနုပညာသက်တမ်းအတွင်း မူပိုင်ချစ်သူ၊ ပုဂံမှာသာတဲ့လ၊ အလင်းဖျော့ကောင်းကင်၊ ချစ်ခြင်း၏ အခြားမဲ့၌ ရုပ်ရှင်ကားတွေနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင် အကယ်ဒမီဆု၊ ငါသူတပါး ယောကျ်ား မိန်းမ ရုပ်ရှင်နဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့အကယ်ဒမီဆုတွေကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဓာတ်ပုံ-ညဏ်လင်းထက်