Homeမြန်မာသတင်း
လုပ်အားခမပေးလိုသည့်ထိုင်းအလုပ်ရှင်က ရဲခေါ်ပြီး မြန်မာရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီး
လုပ်အားခမပေးလိုသည့်ထိုင်းအလုပ်ရှင်က ရဲခေါ်ပြီး မြန်မာရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီး
နန်းမြနဒီ
·
July 15, 2020
ထိုင်းနိုင်ငံအလယ်ပိုင်း၊ အန်ထောင်းန်ခရိုင်ထဲမှာ မြန်မာအလုပ်သမားတွေကို ငှားရမ်းခန့်ထားပြီး လုပ်အားခရှင်းမပေးလိုတဲ့အတွက် အလုပ်ရှင်က ရဲခေါ်ပြီး ဖမ်းဆီးခဲ့ပါတယ်။
အန်ထောင်းန်ခရိုင် ဆဝိုင်ဟာမြို့က စီဒီပြားအောက်ခံထုတ်စက်ရုံတစ်ရုံမှာ အလုပ်ရှင်က အလုပ်သမားတွေကို လုပ်အားခ ပုံမှန်မပေးပဲခိုင်းစေခဲ့ပြီး အလုပ်သမားတွေက ၁ ရက် အလုပ်မဆင်းဘဲနေကြရာမှာ အလုပ်ရှင်က သူတို့ကို မောင်းထုတ်ကာ စက်ရုံဝင်းထဲက မထွက်ခင် ရဲခေါ်ပြီး ဖမ်းခိုင်းလိုက်တယ်လို့ အလုပ်သမားတွေကို သွားရောက်ကူ ညီခဲ့တဲ့ အေအေစီ အလုပ်သမားကူညီရေးမဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက ဒီဗွီဘီကို ပြောပါတယ်။
“သူတို့လုပ်အားခကို အလုပ်ရှင်ကပေးသလောက်ပဲယူရတယ်။ လုပ်အားခကနေ ကျန်းမာရေး အာမခံ/ လူမှုဖူလှုံရေးအာမခံကြေးတွေလည်း ဖြတ်သေးတယ်။ တနေ့တော့ သူတို့အားလုံး အလုပ်မဆင်းဘဲနေလိုက်တာ အလုပ်ရှင်က စိတ်ဆိုးပြီး ပေးသလောက်မယူနိုင်ရင် လုပ်ချင်တဲ့ နေရာသွားလုပ်ကြဆိုပြီး မောင်းထုတ်တယ်။ အဲဒါ ဒီလ ၆ ရက်နေ့တုန်းကပေါ့နော်၊ သူတို့လည်း အလုပ်သွင်းပေးတဲ့ အေးဂျင့်နဲ့ ကျနော်တို့အဖွဲ့ဆီ အကြောင်းကြားပြီး အဲဒီစက်ရုံကနေထွက်မလို့၊ တံခါးနားရောက်တော့ ရဲတွေရောက်လာပြီး တက်တက် အကုန်ကားပေါ် တက်ဆိုပြီး ရဲစခန်းကို ခေါ်သွားတာ၊ သူတို့လည်း ဘာအမှုမှန်းမသိ ဘုမသိဘမသိနဲ့ လိုက်သွားကြတယ်။ စခန်း ရောက်တော့ ကျနော်တို့ အကြောင်းကြားထားတဲ့ မြန်မာအလုပ်သမားသံအရာရှိက လှမ်းပြီး ညှိနှိုင်းပေးလို့ ပြန်လွတ်လာပြီခင်ဗျ။”
အဖမ်းခံရတဲ့အလုပ်သမားအားလုံး ၁၄ ယောက်ဖြစ်ပြီး မိန်းကလေး ၁၀ ယောက်၊ ယောကျ်ား ၄ ယောက်ပါဝင်တယ်လို့ သိရပါတယ်။
ထိုင်းရဲအချုပ်ခန်းကနေ ပြန်လွတ်လာတဲ့သူတွေကို အလုပ်သမားသံအရာရှိရုံးနဲ့ အေအေစီတို့ ပူးပေါင်းပြီး ခေတ္တနေထိုင်စရာ စီစဉ်ပေးထားကြောင်း၊ ဒီကြားထဲ အလုပ်ရှင်ဆီက ကျန်တဲ့လုပ်အားခ တွေပြန်ရဖို့ သက်ဆိုင်ရာ ခရိုင်အလုပ်သမားကာကွယ်ရေးရုံးဆီ တိုင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။
ဇူလိုင်လ ၁၄ ရက်မှာတော့ အလုပ်သမားသံအရာရှိနဲ့ အေအေစီအဖွဲ့တို့ဟာ အန်ထောင်းန် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးက တာဝန်ရှိသူတွေ၊ နယ်မြေခံရဲတွေနဲ့အတူ ပူးပေါင်းပြီး ကား ၄ စီးနဲ့ အဆိုပါစက်ရုံကို သွားရောက်စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးပြီး အလုပ်ရှင်နဲ့ညှိနှိုင်းရာမှာ အလုပ်ရှင်က အလုပ်သမားတွေ ရသင့်ရထိုက်တဲ့ လုပ်အားခတွေကို ဒီလ ၂၁ ရက်နေ့မှာ အကုန်ရှင်းပေးမယ့် အကြောင်း ဝန်ခံကတိပြုခဲ့တယ်လို့ ဆိုပါတယ်။
အလုပ်ရှင်ကပြန်ပေးမယ့် လုပ်အားခတွေထဲမှာ အချိန်ပိုကြေးတော့ မပါကြောင်း၊ အချိန်ပိုကြေး ပြန်တောင်းဆိုမယ်ဆိုရင် အလုပ်သမားက သူတို့အလုပ်စဝင်ခဲ့တဲ့ ရက်ကစပြီး နေ့စဉ် အလုပ်ဝင်ချိန်ထွက်ချိန်စာရင်းတွေကို ပြန်ပြုစုပြီး တရားရုံးမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်လို့ အချိန်ကုန်ခံပြီး မတောင်းကြတော့ဘူးလို့ ဦးခိုင်ကြီးက ပြောပါတယ်။
ဓာတ်ပုံ-YeMin -