အင်းတော်မြို့နယ်တွင် ၂ လောင်းပြိုင်လူသတ်မှု ဖြစ်ပွား
DVB
·
July 14, 2020
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ် နတ်မဟုတ်ကျေးရွာအုပ်စု အနီး မောင်းအင်းကန်ဘေးမှာ ဇူလိုင် ၁၃ ရက် ညနေ ၃ နာရီလောက်က အမျိုးသမီးငယ် ၂ ဦး ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရှိရတယ်လို့ အင်းတော်မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။
သေဆုံးသွားသူ ၂ ဦးဟာ နတ်မဟုတ်ကလေးရွာနေ ဦးသိန်းသန်းစိုးနဲ့ ဒေါ်တင်ဖြူဦးတို့ရဲ့ သမီးနှစ်ယောက်ဖြစ်ပါတယ်။
ဇူလိုင် ၁၃ ရက် မနက် ၉ နာရီလောက်က နတ်မဟုတ်ကလေးရွာနေ ဒေါ်တင်ဖြူဦးဟာ လယ်တောသို့ ကောက်စိုက်မသွားမီ သမီးဖြစ်သူ မနီလာစိုး(၁၇ နှစ်)၊ မသွယ်သွယ်ဟိန်း (၁၄ နှစ်) တို့ကို နေ့လယ် ၁၂ နာရီအချိန်လောက်မှာ ရွာအနောက်ဘက်ရှိ သူ့ရဲ့အခင်းမှာ နွားလှန်ဖို့ မှာကြားခဲ့ပြီး ကောက်စိုက်ထွက်သွားခဲ့ပါတယ်။
ညနေ ၃ နာရီလောက်မှာတော့ တစ်ရွာတည်းနေ ရှိုင်းလင်းအောင်မှ ရောက်ရှိလာပြီး အရေးကြီး ကိစ္စရှိလို့ နေအိမ်သို့ပြန်လာဖို့ ခေါ်ဆောင်တဲ့အတွက် နေအိမ်သို့ ပြန်လည်ရောက်ရှိတဲ့အခါ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေက ဒေါ်တင်ဖြူဦးကို သူ့ရဲ့ သမီးနှစ်ယောက် သေဆုံးသွားတဲ့ အကြောင်း အသိပေးပြောကြားခဲ့တာပါ။
အမျိုးသမီး ၂ ဦးမှာ ရွာနဲ့ ၄ ဖာလုံခန့်အကွာ ဦးမင်းအောင်ရဲ့ မုံညင်းခင်းအနီး လမ်းဘေးချုံပုတ်ထဲမှာ အသတ်ခံခဲ့ရတာဖြစ်ပြီး မနီလာစိုးမှာ ထိုးသွင်းဒဏ်ရာ ၂၉ ချက်၊ မသွယ်သွယ်ဟိန်းမှာ ထိုးသွင်းဒဏ်ရာ ၃၈ ချက် ရရှိကာ ပက်လက်အနေအထားနဲ့ သေဆုံးနေတာ တွေ့ရှိတယ်လို့ ရဲမှတ်တမ်းများအရ သိရပါတယ်။
အင်းတော်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးအေးဆွေက အဆိုပါ ၂ လောင်းပြိုင်လူသတ်မှု ဖြစ်စဉ်ကို ကသာခရိုင်ရဲတပ်ဖွဲ့မှူးဦးဆောင်ကာ စုံစမ်းဖော်ထုတ်နေပြီး နတ်မဟုတ်ကလေးရွာနေ မင်္သကာဖွယ် အမျိုးသားတစ်ဦးကို ခေါ်ယူစစ်ဆေးနေတယ်လို့ ပြောပါတယ်။
အခင်းဖြစ်ပွားနေရာနဲ့ အနီးတစ်ဝိုက်ဟာ မူးယစ်ဆေးဝါးသမားတွေ ရောင်းဝယ်သုံးစွဲရာ နေရာဖြစ်တယ်လို့ နတ်မဟုတ်ကလေး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးပေါ်ထွန်းက ပြောပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး အင်းတော်မြို့မရဲစခန်းက (ပ)၅၆/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အရေးယူ ဆောင်ရွက်နေတယ်လို့သိရပါတယ်။
သတင်း- ကိုကိုလင်း(အင်းတော်)