ပုသိမ် မြေစာရင်းဦးစီးမှူးအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ဖမ်းဆီး
DVB
·
July 4, 2020
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန (မြေစာရင်း) မြို့နယ်ဦးစီးမှူးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ နဲ့ ရေကြည်မြို့မရဲစခန်းမှာ ဇူလိုင်လ ၃ ရက်နေ့က အမှုဖွင့် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
စာရင်းအင်းဦးစီး ဌာန (မြေစာရင်း) မြို့နယ်ဦးစီးမှူး ဦးကိုကိုနိုင်မှာ ပုသိမ်မြို့နယ်ကို မပြောင်းရွှေ့မီ ရေကြည်မြို့နယ် မြေစာရင်းဦးစီးမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ် တောင်သူလယ်သမားတွေကို ပုံစံ (၇) ထုတ် ပေးမှုနဲ့ လယ်ယာမြေအခြားနည်းနဲ့ အသုံးပြုခွင့်လျှောက်ထားမှုတွေမှာ ငွေကြေးတောင်းခံယူတယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့တာကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်ခဲ့တာလို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။
"အမှုဖွင့်တာကတော့ ရေကြည်မှာဖွင့်တာပါ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်တဲ့အတွက် မြို့နယ်ဦးစီးမှူး ဦးကိုကိုနိုင်ကို ကျနော်တို့ ဖမ်းထားလိုက်ပါပြီ၊ တရားဥပဒေ နဲ့ အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမှာ။"
လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ပုံစံ (၇) ထုတ်ပေးရာမှာ အခငွေကြေးတောင်းခံခဲ့တယ်ဆိုပြီး ရေကြည်မြို့နယ်ရှိ ကျေးရွာအုပ်စု ၅ အုပ်စုမှ တောင်သူတွေက အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်ထံ တိုင်ကြားခဲ့ကြတာပါ။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးချက်အရ ဦးကိုကိုနိုင်ဟာ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ (၇) ထုတ်ပေးချိန်မှာ တောင်သူ ၁၇ ဦးထံက ငွေ ၆ သိန်းနဲ့ လယ်ယာမြေအခြားနည်းသုံးစွဲခွင့်လျှောက်ထားတဲ့ တောင်သူ ၅ ဦးထံက ငွေ (၁၁၅၀၀၀၀ိ/-) ကို လက်ခံရယူခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့တာကြောင့် ခုလိုအမှုဖွင့်ဖမ်းဆီးလိုက်တာပါ။
ဦးကိုကိုနိုင်အား ရာထူးတာဝန်ကို အလွဲသုံးစား ပြုလုပ်ပြီး အဂတိလိုက်စားမှု ကျူးလွန်ခဲ့တာကြောင့် ရေကြည်မြို့မရဲစခန်းမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
မင်းထက်မုန်း (ပုသိမ်)