Homeမြန်မာသတင်း
ဒေးဒရဲ ကျောင်းဆရာအမှု ဇူလိုင် ၁၅ ရက် ရုံးချိန်းတွင် မြေစာရင်းတာဝန်ရှိသူ ၁ ဦးကို စစ်ဆေးမည်
ဒေးဒရဲ ကျောင်းဆရာအမှု ဇူလိုင် ၁၅ ရက် ရုံးချိန်းတွင် မြေစာရင်းတာဝန်ရှိသူ ၁ ဦးကို စစ်ဆေးမည်
DVB
·
July 3, 2020
ကျောင်းမြေ လန ၃၉ ကို လိမ်လည် လျှောက်ထားတယ်ဆိုပြီး တရားစွဲဆိုခံထားရတဲ့ ဒေးဒရဲမြို့နယ် လေးကျေးရွာ ကျောင်းဆရာအမှု လာမယ့် ဇူလိုင် ၁၅ ရက်နေ့ ၄၈ ကြိမ်မြောက် ရုံးချိန်းမှာ မြေစာရင်းဦးစီးဌာနက တာဝန်ရှိသူတဦးကို သက်သေအဖြစ် စစ်ဆေးသွားမယ်လို့ ဒေးဒရဲမြို့နယ်တရားရုံးက သိရပါတယ်။
ဒေးဒရဲမြို့နယ် လေးကျေးရွာ ကျောင်းဆရာအမှု ၂ နှစ်ကျော်လာပြီဖြစ်လို့ မြန်မြန်ပြီးစေချင်ကြောင်း စွပ်စွဲခံရသူ ကျောင်းဆရာက ပြောပါတယ်။
ဧရာတိုင်း၊ ဒေးဒရဲမြို့နယ်၊ လေးကျေးရွာရှိ ကျောင်းမြေ လန ၃၉ ကို လိမ်လည် လျှောက်ထားတယ်ဆိုပြီး တရားစွဲဆိုခံထားရတဲ့ ကျောင်းဆရာနဲ့ ကျောင်းအကျိုးတော်ဆောင် အမှုကို ဒေးဒရဲမြို့နယ်တရားရုံးမှာ ၄၇ ကြိမ်မြောက် ရုံးချိန်းအဖြစ် ဇူလိုင် ၂ ရက် နေ့လယ်ပိုင်းက တရားလိုဖြစ်သူကို ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
၄၇ ကြိမ်မြောက်ရုံးချိန်းအပြီး တရားရုံးမှ ပြန်ထွက်လာချိန် အမှုမှာ နှစ်အတော်ကြာနေ ပြီဖြစ်လို့ မြန်မြန်နဲ့ အမှန်အတိုင်း ပြီးစေချင်ပြီလို့ တရားစွဲဆိုခံထားရသူ ကျောင်းဆရာ ဖြစ်သူက ပြောပါတယ်။
“အမှုက ကြာနေတော့ ကျနော်တို့မှာ ဝန်ထမ်းတစ်ယောက်လည်းဖြစ်တယ်၊ ဒီအမှုကို မြန်မြန် ပြီးစေချင်ပါတယ်။ ခုဆို ရုံးချိန်း ၄၇ ချိန်းထိရှိပါပြီ၊ အချိန်လည်းကုန်ပါတယ်၊ ငွေလည်းကုန်ပါတယ်၊ ဝန်ထမ်းတစ်ယောက်အနေနဲ့ အဲလိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရလို့ မြန်မြန်ပြီးစေချင်ပါပြီ။”
အဆိုပါအမှု ၂ နှစ်ကြာချိန်ထိ ရုံးချိန်းပေါင်း ၄၇ ချိန်း ထိရှိလာပြီး အမှုကြန့်ကြာနေရတာဟာ တရားလိုရဲ့ ရုံးချိန်းပျက်ကွက်မှုတွေကြောင့်လည်းပါတယ်လို့ တရားစွဲဆိုခံထားရတဲ့ ကျောင်းဆရာက ဆိုပါတယ်။
အမှုကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့က ပုဒ်မ ၄၂၀၊ ၄၆၈ စတဲ့ပုဒ်မတွေနဲ့ ကျောင်းဆရာနဲ့ ကျောင်းအကျိုးတော်ဆောင်တို့ကို စတင်တရားစွဲဆိုခဲ့တာဖြစ်ပြီး ၄၆ ကြိမ်မြောက် ရုံးချိန်ဖြစ်တဲ့ ၂၀၂၀ ခုနှစ်၊ ဇွန် ၁၈ ရက်နေ့မှာ ဒေးဒရဲမြို့နယ်တရားရုံးက စွဲချက်တင်ဖို့ အမိန့်ချမှတ်ခဲ့တာပါ။
အမှုကြန့်ကြာမှုတွေမှာ အာမခံကိစ္စတွေ စာရွက်စာတမ်းကိစ္စတွေကြောင့် ကြာသွားတာလို့ စွပ်စွဲခံရသူရဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်လွင်ကပြောပါတယ်။
“ပထမ စကြာတာက အာမခံကိစ္စ၊ အာမခံပေးလိုက်တော့ တရားလိုက မကျေနပ်လို့ ခရိုင်ကိုတက်တယ်၊ တိုင်းကိုတက်တယ်၊ အဲ့မှာကြာတယ်။ ပြီးတော့ စာရွက်စာတမ်းကိစ္စမှာ တာဝန်ခံမိတ္တူ မဟုတ်တော့ တာဝန်ခံမိတ္တူမှန်လျှောက်ရတဲ့ ကိစ္စတွေမှာ ကြာသွားတာ။”
လေးကျေးရွာ ကျောင်းဆရာနဲ့ အကျိုးတော်ဆောင်ကော်မတီဝင် တရားစွဲခံရတာနဲ့ ပတ်သက် ပြီး မတရားတရားစွဲဆိုခံရတာလို့ဆိုပြီး ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့က ပညာရေးဝန်ထမ်းတွေ၊ ဒေသခံပြည်သူတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ဒေးဒရဲမြို့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
Photo - Min Htet Mone / MPA