Home
မြန်မာသတင်း
ရတနာပုံတိရစ္ဆာန်ဥယျာဉ် ပြန်ဖွင့်လှစ်ခွင့်ရရှိရေး တင်ပြထား
DVB
·
July 2, 2020
106114174_1186959268335501_3408857393081264233_o
ကိုဗစ်-၁၉ ကြောင့် ယာယီပိတ်ထားခဲ့တဲ့ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)ကို ပြန်လည် ဖွင့်လှစ်ခွင့်ရရှိဖို့ အလုပ်သမား၀န်ကြီးဌာနကို တင်ပြထားတယ်လို့ သိရပါတယ်။ ကြည့်ရှုသူတွေလာပါက ရောဂါကူးစက်နိုင်မှု မရှိအောင် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာဆောင်ရွက်ထားပြီး ခွင့်ပြုမိန့်ရရှိတာနဲ့ ပြန်လည်ဖွင့်လှစ်မယ်လို့ သိရပါတယ်။ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)ရဲ့ အုပ်ချုပ်ရေးမှူး ဦးသိန်းမြင့်အောင်က "ကျနော်တို့ကတော့ အခုပြန်လည်ဖွင့်ဖို့အတွက် အားလုံးပြင်ဆင်ထားပြီးပြီ။ တကယ်လို့ လူတွေဝင်လာရင် ကိုဗစ်ကာလ ဖြစ်တဲ့အတွက် အန္တရာယ်မရှိအောင် တစ်ယောက်နဲ့တစ်ယောက် ကူးစက်မှုမရှိအောင်၊ အမိန့်နဲ့ ညွှန်ကြားချက်တွေ၊ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အပေါ်မှာ ကျနော်တို့အားလုံး ပြင်ဆင်ထားပြီးသွားပြီ။ ကျနော်တို့ ပြန်လည်ဖွင့်ခွင့်ကိုလည်း စာတင်ထားပါတယ်။ လာရောက် စစ်ဆေးပြီးတော့ ပြန်လည်ဖွင့်ခွင့်ပေးဖို့ကို စာတင်ထားပါတယ်။ ကျနော့်အထင်တော့ ဒီ ခြောက်လ ပိုင်းအကုန်နဲ့ ခုနစ်လပိုင်းအတွင်းထဲမှာ ပြန်လည်ဖွင့်ဖို့ ခွင့်ပြုမိန့်ရရှိမယ်လို့ ထင်ပါတယ်။" လို့ပြောပါတယ်။ လက်မှတ်ဝယ်ယူတဲ့အခါမှာလည်း ၃ပေခြားပြီး ၀ယ်ယူနိုင်ဖို့ကိုလည်းပြင်ဆင်ထားတဲ့အပြင် လက်ဆေးဘေစင်တွေ၊ ခြေနင်းအမှိုက်ပုံးတွေစီစဉ်ထားတယ်လို့လည်း သိရပါတယ်။ လာရောက်ကြည့်ရှုသူတွေထဲကနေ တိရစ္ဆာန်တွေဆီကို ရောဂါပိုးကူးစက်တာမျိုး မဖြစ်စေဖို့အတွက် ပြကွက်ရဲ့ မူလအရံအတားထက် ခြောက်ပေလောက်မှာ အတားအဆီး တစ်ခုထပ်မံ လုပ်ထားမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် တိရစ္ဆာန်တွေ ကျန်းမာရေးအတွက်ကိုလည်း ဂရုတစိုက် စောင့်ရှောက်ပေးနေ တယ်လို့ ဆိုပါတယ်။ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)မှ တိရစ္ဆာန်ဆေးကုဆရာဝန် ဒေါက်တာ သော်သော်လင်းက "တိရစ္ဆာန်တွေကို ဆရာဝန်တွေနဲ့ ဝန်ထမ်းတွေကနေပြီး စဉ်ဆက်မပြတ် ကြည့်ရှုစောင့်ရှောက်လျှက်ရှိပါတယ်။ နောက် တိရစ္ဆာန်တွေကို ကျွေးမွေးတဲ့အခါမှာဆိုလို့ရှိရင်လည်း တိရစ္ဆာန်တွေရဲ့ ရိက္ခာတွေကို လတ်ဆတ်မှုရှိမရှိ၊ သန့်ရှင်းမှု ရှိမရှိ၊ ရိက္ခာစိုတွေဖြစ်တဲ့ကန်စွန်းရွက်တို့ ဘာတို့ဆိုလို့ရှိရင်လည်း ကျနော်တို့က ပိုးသတ်ဆေးတွေ သန့်စင်အောင်ဆေးကြောပြီးမှ တိရစ္ဆာန်တွေအတွက် ကျွေးမွေးခြင်းဖြစ်ပါတယ်။ တိရစ္ဆာ‌န်တွေကို နာမကျန်းဖြစ်တယ်ဆိုလို့ရှိရင်လည်း ကျတော်တို့က စဉ်ဆက်မပြတ်ကုသလျှက် ရှိပါတယ်။”လို့ ပြောပါတယ်။ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီးလည်း တိရစ္ဆာန်တွေကို ရောဂါကူးစက်မှုမရှိအောင်စီမံထားပြီး  လူတွေနဲ့ တိုက်ရိုက်ထိ‌တွေ့မှု မရှိအောင် ၆ ပေအကွာမှ အစာကျွေးဖို့ လုပ်ထားသလို တိရစ္ဆာန်ပြကွက်ရဲ့ ခြောက်ပေအကွာကနေ အတားအဆီးလုပ်တာနဲ့ သတိပေးဆိုင်းဘုတ်တွေ ရေးထားမယ်လို့လည်း ပြောပါတယ်။ ဧည့်သည်တွေ ပိုမိုအပန်းဖြေ ကြည့်ရှုနိုင်ဖို့အတွက် ကလေးကစားကွင်းကိုလည်း အဆင့်မြှင့်တင်ပေးမှာဖြစ်ပြီး မျောက်ရုံကိုလည်း အသစ်ဆောက်လုပ်မယ်လို့ သိရပါတယ်။ ရတနာပုံ တိရိစ္ဆာန်ဥယျာဉ်မှာ တိရစ္ဆာန် မျိုးစိတ်ပေါင်းက ၁၀၀ ကျော်နဲ့ မျိုး အကောင်ရေပေါင်း ၁၁၉၈ ကောင်ရှိတယ်လို့သိရပါတယ်။ သတင်း- ထိန်ထိန်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024