နိုင်ငံခြားသားများ မြန်မာပြည်ဝင်ရောက်ခွင့်ပိတ်ပင်ထားမှု ဇူလိုင်လကုန်အထိထပ်တိုး
ပိုင်စိုး
·
June 29, 2020
မြန်မာနိုင်ငံကို လာရောက်မယ့် နိုင်ငံခြားသားခရီးသွားတွေအတွက် ပြည်ဝင်ခွင့် ယာယီ ကန့်သတ်ထားတဲ့ အစီအမံတွေ အားလုံးကို ဇူလိုင် ၃၁ ရက်အထိ ထပ်ပြီး တိုးမြှင့်လိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ကိုဗစ်-၁၉ ရောဂါ ပြည်ပကနေ ဝင်ရောက်လာနိုင်တာနဲ့ ကူးစက်ပြန့်ပွားနိုင်တဲ့ အန္တရာယ်ကနေ မြန်မာပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့အတွက် ထိရောက်တဲ့ အစီအမံတွေကိုဆက်လက်ချမှတ် ဆောင်ရွက်နိုင်ဖို့ရှေးရှုပြီး တိုးမြှင့်လိုက်တာလို့ ဇွန် ၂၈ ရက်မှာ ထုတ်ပြန်လိုက်တာပါ။
ဒါပေမဲ့ အရေးပေါ် အစိုးရတာဝန်နဲ့ဖြစ်စေ၊ မလွှဲမရှောင်သာတဲ့ ကိစ္စတွေကြောင့်ဖြစ်စေ၊ ပြည်ပနိုင်ငံသား သံတမန်တွေနဲ့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်း ဝန်ထမ်းတွေအနေနဲ့ မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲမယ့် ကယ်ဆယ်ရေးလေယာဉ်တွေ၊ အထူးလေယာဉ်တွေနဲ့ လာရောက်ဖို့ရှိရင် ဗီဇာအကန့်အသတ်တွေကနေ ကင်းလွတ်ခွင့်ရဖို့ သက်ဆိုင်ရာနိုင်ငံတွေက မြန်မာသံရုံးတွေကို အကူအညီတောင်းခံနိုင်တယ်လို့ ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်တာ ကာကွယ်နိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံအားလုံးကနေ မြန်မာနိုင်ငံ ကို လာရောက်မယ့် ခရီးသွားတွေကို ပြီးခဲ့တဲ့ မတ်လကတည်းက ပြည်ဝင်ခွင့်ဗီဇာတွေ ပိတ်ထားပြီး သက်တမ်း ထပ် ထပ်တိုးနေတာ ဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံကိုလာရောက်ကြမယ့် နိုင်ငံခြားသားတွေကို ဆိုက်ရောက်ဗီဇာ၊ အီလက်ထရောနစ်ဗီဇာ၊ ဗီဇာကင်းလွတ်ခွင့်နဲ့ လူမှုရေးဗီဇာ အပါအဝင် ပြည်ဝင်ခွင့်ဗီဇာ အမျိုးအစားအားလုံးကိုလည်း ထုတ်ပေးသေးဘဲ ယာယီရပ်ဆိုင်းထားလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတဲ့ အတည်ပြုလူနာ အရေအတွက် ၃၀၀ နီးပါးရှိလာနေပြီဖြစ်ပြီး အများစုဟာ ပြည်ပနိုင်ငံကနေ ပြန်လာသူတွေထံက ကူးစက်တာဖြစ်ပါတယ်။