Homeမြန်မာသတင်း
ကျောင်းသုံးစာအုပ်တွင် ဖော်ပြထားသည့် ကချင်သမိုင်းနှင့် အခေါ်အဝေါ်အမှားများ ပြင်ပေးရန် တောင်းဆို
ကျောင်းသုံးစာအုပ်တွင် ဖော်ပြထားသည့် ကချင်သမိုင်းနှင့် အခေါ်အဝေါ်အမှားများ ပြင်ပေးရန် တောင်းဆို
DVB
·
June 28, 2020
ကျောင်းသုံးပြဋ္ဌာန်းစာအုပ်မှာ ဖော်ပြထားတဲ့ ကချင်လူမျိုးတွေနဲ့ ပတ်သက်တဲ့ သမိုင်းနဲ့ အခေါ်အဝေါ်အမှားတွေကို ပယ်ဖျက်ပြင်ဆင်ပေးဖို့ ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့က သဘောထားထုတ်ပြန် တောင်းဆိုပါတယ်။
အခုအသစ်ပြဋ္ဌာန်းလိုက်တဲ့ သတ္တမတန်း ပထဝီဝင်စာအုပ်၊ လူမှုရေးပထဝီဝင်အခန်းက ကချင်လူမျိုးတွေအကြောင်း ဖော်ပြတာမှာ ဆိုးဆိုးရွားရွား အမှားတွေရှိတယ်လို့ ဆိုပါတယ်။
ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆရာတန်ဂွန်းက “ကချင်သမိုင်းနဲ့ နာမည်တွေကို လွဲမှားတာတွေရှိတယ်။ မမှန်တဲ့ နာမည်တွေ ရေးထားတာ တွေ့ရတယ်။ ပြောချင်တာက မှားရေးထားပြီး ကလေးတွေကို သင်ပေးနေမယ်ဆိုရင် အမှားတွေပဲ သိသွားမှာပေါ့။ ဒါကြောင့် အတည်ပြုထားပြီးသားဖြစ်တဲ့ ယဉ်ကျေးမှုဗဟိုကော်မတီနဲ့ဖြစ်ဖြစ်၊ ကျွမ်းကျင်သူတွေနဲ့ဖြစ်ဖြစ် စာလုံးပေါင်းတွေကို ပိုပြီး တိကျအောင်လုပ်စေချင်ပါတယ်” လို့ ပြောပါတယ်။
ကချင်လူမျိုးတွေဟာ နှစ်ပေါင်းများစွာ စည်းစည်းလုံးလုံး နေထိုင်လာခဲ့ကြပေမယ့် ပေါက်ဖွားဆင်းသက်လာတဲ့ ပထဝီဝင်အနေအထားအရ နည်းနည်းစီကွဲပြားတဲ့ စကားပြောကို အခြေခံပြီး စစ်အစိုးရခေတ်အဆက်ဆက်မှာ ပိုပြီးကွဲပြားအောင်လုပ်ခဲ့တာဟာ အခုအချိန်အထိပဲလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကချင်လူမျိုးနဲ့ပတ်သက်တဲ့ သမိုင်းနဲ့ အခေါ်အဝေါ်တွေကို ပြင်ဆင်ပေးဖို့ ကချင်ခေါင်းဆောင်တွေက ခေတ်အဆက်ဆက် တင်ပြခဲ့ပေမယ့် သက်ဆိုင်ရာ အစိုးရတွေက မလုပ်ပေးခဲ့ကြဘူးလို့လည်း ဆိုပါတယ်။
အခု ကျောင်းသုံးစာအုပ်မှာတော့ ကချင်မျိုးနွယ်စုတချို့ကို စာလုံးပေါင်း အသံထွက်အမှားတွေနဲ့ ရေးသားဖော်ပြထားတာတွေ့ရပါတယ်။
ဆရာတန်ဂွန်းက “အရင်တုန်းကတော့ ကချင်တွေက နတ်ကိုးကွယ်တယ်လေ။ အခု အများစုက ခရစ်ယာန်ဘာသာဝင်တွေပါ။ စာအုပ်ထဲမှာတော့ ကချင်ရိုးရာအိမ်တွေမှာ နတ်ဆရာအခန်း ပါတယ်ဆိုပြီး ရေးထားတယ်။ အဲဒီလိုဆိုတော့ ဘာကို ဆိုလိုချင်တာလဲ။ အရင်တုန်းက အကြောင်းတွေကို ပြန်ဖော်ပြချင်တာလား။ လက်ရှိအနေအထားကိုလားဆိုတာ မသိရဘူး။ အခုလို ရောထွေးဖော်ပြတာက ကချင်လူမျိုးတွေရဲ့ပုံရိပ်ကို တမျိုးဖြစ်စေတာပေါ့” လို့ ပြောပါတယ်။
ဒီအမှားအယွင်းတွေဟာ ကချင်လူမျိုးတွေရဲ့ သမိုင်းကို ထိခိုက်နစ်နာစေသလို သင်ကြားခံရသူတွေကိုလည်း သမိုင်းအမှားနဲ့ အခေါ်အဝေါ်အမှားတွေ သင်ပေးတာဖြစ်တဲ့အပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုလည်း ထိခိုက်လာနိုင်တယ်လို့ ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
ဒါကြောင့် အခုကျောင်းသုံးစာအုပ်က ကချင်လူမျိုးနဲ့ပတ်သက်တဲ့ ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ပြီး သမိုင်းအမှန်နဲ့ အခေါ်အဝေါ်တွေကို ပြန်ပြီး ပြင်ဆင်ပေးဖို့ သဘောထားထုတ်ပြန်ထားပါတယ်။