ရဲမှူးချုပ်ဇော်မိုးသန်းအမှု ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် အစိုးရအဖွဲ့ထံတင်ပြထား
DVB
·
June 26, 2020
ရဲရာထူးခန့်ချုပ် ရဲမှူးချုပ်ဇော်မိုးသန်းနဲ့ ပတ်သက်ပြီး အမှုဖြစ်စဉ်တွေကို ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် အစိုးရအဖွဲ့တာဝန်ရှိသူတွေထံ တင်ပြထားပြီးဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။
ရဲရာထူးခန့်ချုပ် ရဲမှူးချုပ်ဇော်မိုးသန်းဟာ အမျိုးသမီးရဲတပ်ဖွဲ့ဝင်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တယ်ဆိုပြီး စုံစမ်းစစ်ဆေးခြင်းခံနေရတာပါ။
ဒီဖြစ်စဉ်ဟာ အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ဘက်က တရားဝင်သတင်းထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး။
ဦးဇော်ဌေးက " ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် ဒီကိစ္စတွေကို သက်ဆိုင်တဲ့လူကြီးတွေဆီကို တင်ပြပြီးဖြစ်ပါတယ်" လို့ ဇွန်လ ၂၆ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ အစိုးရသတင်းစာရှင်းလင်းပွဲအပြီးမှာ ပြောပါတယ်။
ရဲမှူးချုပ်ဇော်မိုးသန်းအမှုကို ပြီးခဲ့တဲ့ သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲမှာ စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ပြီး စစ်ဆေးနေတယ်လို့ ပြောကြားခဲ့တာပါ။ လက်ရှိမှာလည်း စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး စစ်ဆေးရေးပြီးမှသာ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ဦးဇော်ဌေးက "စုံစမ်းစစ်ဆေးရေးခုံရုံးပြီးရင် ဘာလာမလဲဆိုတော့ သက်သေခံ အကျဉ်းချုပ်ယူမယ်။ တွေ့ရှိချက်တွေအပေါ်မူတည်ပြီးမှ သက်/ချုပ်ယူမယ်။ ယူပြီးမှ ရဲတရားရုံးရောက်မယ်။ အဆင့်ဆင့်ရှိပါတယ်။ အခုလောလောဆယ်တော့ စုံစမ်းစစ်ဆေးဆဲလို့ ကျနော်တို့က သိရတယ်။” လို့ ပြောပါတယ်။
ရဲမှူးချုပ်ဇော်မိုးသန်းဟာ ပြီးခဲ့တဲ့ တစ်နှစ်ကျော်ကမှ ရဲလေ့ကျင့်ရေးအရာရှိချုပ်ရာထူးတာဝန်ကနေ ရဲရာထူးခန့်ချုပ် ရာထူးကို ပြောင်းရွှေ့လာခဲ့ပါ။
ပြည်ထဲရေးဝန်ကြီးအသစ်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်လက်ထက်မှာ ရထားရဲတပ်ဖွဲ့က ရဲမှူးချုပ် မိုးသူအောင်ကို ရာထူးကထုတ်ပယ်ပြီး ထောင်ဒဏ် ၆ လကျခံစေကာ ရဲထောက်ချုပ် ရဲမှူးချုပ်ဇော်ခင်အောင်ကို ရဲတပ်ဖွဲ့ကနေ ရှုတ်ချပြီး ထုတ်ပယ်ထားခဲ့တာပါ။
အခုရဲရာထူးခန့်ချုပ် ဇော်မိုးသန်းကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေသလို တခြား ထိပ်တန်းရဲအရာရှိတွေကိုလည်း ဌာနအပြောင်းအလဲ ပြုလုပ်မှုတွေရှိတယ်လို့ သိရပါတယ်။
သတင်း-ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)