မိုးညှင်းမြို့၌ မူးယစ်ဆေးစွဲနေသည့် သားဖြစ်သူက လက်သီးဖြင့်ထိုးသဖြင့် မိခင်သေဆုံး
DVB
·
June 25, 2020
ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ အရှေ့စု ၆ လမ်း၊ အိမ်အမှတ် ၄၇၀ မှာ မူးယစ်ဆေးစွဲနေတဲ့ လူငယ်တစ်ဦးက မိခင်ထံက ငွေတောင်းမရတဲ့အတွက် လက်သီးဖြင့်ထိုးရာ မိခင်ဖြစ်သူ သေဆုံးသွားတယ်လို့ မိုးညှင်းမြို့မရဲစခန်းက သိရပါတယ်။
ဇွန် ၂၄ ရက် ညနေ ၂ နာရီခွဲလောက်က မိုးညှင်းမြို့၊ မိုးဒါးစုရပ်ကွက်နေ မအေးနုက မိခင်ဖြစ်သူဒေါ်အဲလှအောင်ရဲ့ ကျန်းမာရေးအခြေအနေကို သွားရောက်ကြည့်ရှုရာ မိခင်ဖြစ်သူရဲ့ အိပ်ခန်းတံခါးပွင့်နေတဲ့အတွက် ဝင်သွားစဉ် တံခါးပေါက်ဝင်ဝင်ချင်းမြေကြီးပေါ်မှာ ဒဏ်ရာတွေနဲ့ လဲကျ သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။
အနီးနားမှာလည်း ဓာတ်ဗူးတစ်လုံးကွဲကျနေတာကို တွေ့ရတဲ့အတွက် မိခင်နဲ့အတူနေတဲ့ မောင်ဖြစ်သူဇော်ဇော်ဦးကို နေအိမ်မှာ ရှာဖွေခဲ့တယ်လို့ဆိုပါတယ်။
ဇော်ဇော်ဦးကို အိပ်ခန်းတွင်းမှာ အိပ်နေတာတွေ့ရလို့ နှိုးလိုက်ရာမှာ အော်တဲ့အတွက် အိမ်နီးချင်းတွေကို အော်ဟစ်အကူအညီတောင်းရာ ရာအိမ်မှူးတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ရဲစခန်းကို အကြောင်းကြားပေးခဲ့တာလို့ သိရပါတယ်။
နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်ကျော်မင်းနိုင်ထံသို့ အရှေ့စုရာအိမ်မှူး ဦးမြင့်သိန်းက လူသတ်မှုဖြစ်ပွားကြောင်းဖုန်းနဲ့ သတင်းပေးချက်အရ ရဲတပ်ဖွဲ့က အခင်းဖြစ်ရာနေရာကို သွားရောက် ခဲ့ပါတယ်။
အိမ်နီးနားပတ်ဝန်းကျင်ကိုမေးမြန်းရာမှာ ဇော်ဇော်ဦးက မိခင်ဖြစ်သူကို အမြဲထိုးကြိတ်နေ လို့ မိခင်ဖြစ်သူ မကြာခဏထွက်ပြေးတာမြင်ရကြောင်း၊ မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲပြီး မိခင်ဖြစ်သူ ဒေါ်အဲလှအောင်ထံမှ ဆေးဖိုးတောင်းလေ့ရှိကြောင်း သိရပါတယ်။
ဇော်ဇော်ဦး (အသက် ၃၁ နှစ်)ကို အမဖြစ်သူ မအေးနုက တရားလိုပြုလုပ်ကာ အမှုကြီး အမှတ်စဉ်(၄/၂၀၂၀) (ပ)၇၈/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ မိုးညှင်းမြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။
သတင်း - ခင်သန်းညွန့်