နမ္မတူမြို့နယ်တွင် ရွာသား ၂၅၀ ကျော် စစ်ဘေးတိမ်းရှောင်လာ၊ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်
ခွန်ဇော်ဦး
·
June 24, 2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်မှာ နမ့်တောင်ကုန်းနဲ့ ပန်ချင်ကျေးရွာအုပ်စုမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA)တပ်တွေနဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေ ဇွန်လ ၂၃ ရက်က စတင်ပြီး စစ်ရေးပြင်ဆင်မှုရှိလာလို့ ဒေသခံတွေ စစ်ဘေးတိမ်းရှောင်လာကြပါတယ်။
နမ္မတူမြို့နယ်ထဲက နားကျိုင်း၊ နားကျဲ၊ ပိန်းလုံ၊ ကွန်းကျောင်း ကျေးရွာ ၄ ရွာက ပြည်သူ ၂၅၁ ဦးဟာ မန်စံကျေးရွာ မန်ဟောင်ဘုန်းတော်ကြီးကျောင်းမှာ ယာယီတိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။
စစ်ဘေးရှောင်ကူညီရေးအဖွဲ့ဝင်တစ်ဦးက “မနေ့က စတင်ပြီး တိမ်းရှောင်လာကြတာပါ။ အားလုံးကျေးရွာ ၄ ရွာက အရပ်သား ပြည်သူလူတွေပါ။ အခု ကျနော်တို့ မန်ဟောင်ဘုန်းကြီးကျောင်းမှာ ယာယီနေထိုင်နေကြပါတယ်။ ကိုဗစ်-၁၉ ကာလမှာ အလုပ်လည်း ထွက်မလုပ်ရလို့ စားဝတ်နေရေးခက်ခဲနေချိန်မှာ အခုထပ်ပြီး စစ်ရေးပြင်ဆင်တာတွေရှိလာတော့ ထပ်ပြီး တိမ်းရှောင်ရလို့ စားဖို့ သောက်ဖို့ ခက်ခဲနေပါတယ်။ ဆန် ၁ ပြည်၊ ကြက်သွန် ၁ ပိဿာပဲ ကူညီ ကူညီ။ ကူညီမယ့်သူ လိုအပ်နေပါတယ်” လို့ ပြောပါတယ်။
နမ္မတူမြို့နယ်အတွင်းမှာ ၂၀၁၂ ခုနှစ်က စတင်လို့ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားတာတွေ ရှိသလို တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ (RCSS/SSA) တပ်တွေနဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကြားလည်း တိုက်ပွဲ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။
တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူတွေ သေဆုံး ဒဏ်ရာရရှိတာတွေရှိခဲ့ပြီး လူနေအိမ်တွေ လက်နက်ကြီးထိမှန် ပျက်စီးတာတွေရှိခဲ့ပါတယ်။