ယခုနှစ်အတွင်း အရပ်ဘက်ပြောင်း တပ်မတော်သား ၃၃ ဦးရှိဟု ပြည်ထောင်စုရာထူးဝန်အဖွဲ့ ပြော
အောင်ကိုကိုလတ် (နေပြည်တော်)
·
June 20, 2020
အခုနှစ်အတွင်း အရပ်ဘက် ဝန်ကြီးဌာနတွေကို ပြောင်းရွှေ့လာတဲ့ တပ်မတော် အရာရှိ စစ်သည် ၃၃ ဦးရှိတယ်လို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ပြောပါတယ်။
ဇွန် ၁၉ ရက်နေ့က နေပြည်တော်မှာရှိတဲ့ ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာ ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အစိုးရရဲ့ စတုတ္ထ တနှစ်တာကာလအတွင်း ဌာနဆိုင်ရာများရဲ့ လုပ်ငန်းဆောင်ရွက်မှုနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဆွေက အခုလို ပြောဆိုခဲ့တာပါ။
“တပ်ဘက်ကို ခေါ်တာက ဒီနှစ်ထဲမှာ စုစုပေါင်း ၃၃ ယောက်လောက် ရှိတယ်။ အရပ်ဘက်မှာ တာဝန်ပေးအပ်တဲ့အခါ တပ်ဘက်ကနေ ပညာရပ်ပိုင်းဆိုင်ရာ အကူအညီအထောက်အပံ့ လိုတဲ့အတွက် ခေါ်တာရှိတယ်။”
ပြည်ထဲရေးဝန်ကြီးဌာနကို ၂၄ ဦး၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနကို ၅ ဦးနဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကို ၄ ဦး ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့တာလို့ သိရပါတယ်။
အစိုးရရဲ့ လေးနှစ်တာ ကာလအတွင်းမှာဆိုရင် ၂၀၁၆-၂၀၁၇ ခုနှစ်တုန်းက ၁၁ ဦး၊ ၂၀၁၇-၂၀၁၈ ခုနှစ်က ဆိုရင် ၇၁ ဦးနဲ့ ၂၀၁၈-၂၀၁၉ ခုနှစ်ကဆိုရင် ၆၀ ဦးကို ဝန်ကြီးဌာန ၉ ခုက လုပ်ငန်းလိုအပ်ချက်အရ တောင်းခံခဲ့တာလို့ ဆိုပါတယ်။
ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဆွေက “ပြောင်းတဲ့နေရာမှာ နံပါတ်တစ်ကတော့ အရပ်ဘက် ဝန်ကြီးဌာနအချင်းချင်း ပြောင်းတယ်။ နံပါတ်နှစ်ကတော့ ရန်သူ့ကြောင့် ထိခိုက်ဒဏ်ရာရတဲ့ အရာရှိစစ်သည်တွေကို ပြန်လည်နေရာချထားရေးအစီအစဉ်အရ ဘုတ်အဖွဲ့နဲ့ နေရာချထားတာ ရှိပါတယ်။ နံပါတ်သုံးကတော့ အရပ်ဘက်က လုပ်ငန်းလိုအပ်ချက်အရ၊ ပညာအရည်အချင်း လိုအပ်ချက်အရဆိုပြီး ရှိပါတယ်” လို့ ပြောပါတယ်။
တနိုင်ငံလုံးအတိုင်းအတာနဲ့ နိုင်ငံ့ဝန်ထမ်းအင်အားဟာဆိုရင် အရာထမ်း ၉၇၄၄၃၊ အမှုထမ်း ၉၂၀၃၈၅ ဦး ရှိပြီး ဒီနှစ်ထဲမှာ ရာထူးက ထုတ်ပယ်လိုက်တဲ့ ဦးရေ ၂၅၃၂ ဦး ရှိပါတယ်။
အဲဒီနိုင်ငံဝန်ထမ်းအင်အားစာရင်းထဲမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့အင်အားနဲ့ တပ်မတော် အင်အား စာရင်းမပါရှိသေးဘူးလို့လည်း သိရပါတယ်။