ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ပဲခူးတိုင်းအနောက်ခြမ်းတွင် သစ်ပင်စိုက်
DVB
·
June 19, 2020
ဒီနေ့ကျရောက်တဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်း၊ အနောက်ခြမ်းရှိ မြို့နယ်တွေမှာ သစ်ပင်စိုက်ပျိုးတာနဲ့ သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းခဲ့ကြပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်း နတ္တလင်း၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ အုတ်ဖို၊ မင်းလှနဲ့ သာယာဝတီမြို့နယ်တွေမှာ လွှတ်တော်ကိုယ်စာလှယ်တွေ၊ NLD ပါတီဝင်တွေ၊ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ၊ အမေစုချစ်သူများအဖွဲ့၊ ငြိမ်းချမ်းရေးငှက်အဖွဲ့နဲ့ ပြည်သူတွေ စုပေါင်းပြုလုပ်ခဲ့ကြတာပါ။
နတ္တလင်းမြို့နယ်မှာ သံဃာတော်တွေနဲ့ သီလရှင်တွေကို ဆွမ်းဆန်စိမ်းနဲ့ ဝထ္တုငွေတွေလှူ ဒါန်းတာ၊ ကြို့ပင်ကောက်မြို့နယ်မှာ သစ်ပင်ပေါင်း ၆၀၀ စိုက်ပျိုးပြီး ဆေးရုံ၊ ဘိုးဘွားရိပ်သာနဲ့ ရဲစခန်းအချုပ်သားတွေကို ကြက်သားဆန်ပြုတ်လှူဒါန်းတာ၊ ဇီးကုန်မြို့နယ်မှာ သစ်ပင် ၃၀၀ နဲ့ မင်းလှမြို့နယ်မှာ ၄၃၅ ပင် စိုက်ပျိုးတာတွေ ပြုလုပ်ခဲ့ကြပါတယ်။
သာယာဝတီမြို့နယ်မှာတော့ သစ်ပင် ၃၀၀ စိုက်ပျိုးခဲ့ပြီး အဘိုး၊ အဘွားအယောက် ၇၀ အား တစ်ဦးကို ၃၅၀၀၀ ကျပ်နဲ့ အသုံးအဆောင်ပစ္စည်းတွေ လှူဒါန်းခဲ့ကြပါတယ်။ ဒါ့အပြင် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ မွေးရက်တူတဲ့ အဘိုး အဘွား ၅ ဦးကိုတော့ တဦးကို ကျပ် ၁ သိန်းစီ လှူဒါန်းခဲ့ကြပါတယ်။
သစ်ပင်စိုက်ပျိုးရာမှာ ပါဝင်ခဲ့သူတဦးက “အမေ့မွေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးရတာက အမေ အပင်လေးတွေလို လန်းဆန်းပြီး သက်ရှည်ကျန်းမာစွာနဲ့ နိုင်ငံတာဝန်တွေကို ဆက်လက်ထမ်းဆောင်ပေးနိုင်ပါစေလို့ ဆုတောင်းပေးရင်းနဲ့ အခုလို သစ်ပင်စိုက်ပျိုးပေးတာပါ" လို့ ပြောပါတယ်။
သတင်း-မေသွယ်