Homeမြန်မာသတင်း
“ချစ်ခင်ကြင်နာ၊ အွန်လိုင်းကမ္ဘာ” အွန်လိုင်းဘေးကင်းလုံခြုံမှုဆိုင်ရာ လှုပ်ရှားမှု စတင်
“ချစ်ခင်ကြင်နာ၊ အွန်လိုင်းကမ္ဘာ” အွန်လိုင်းဘေးကင်းလုံခြုံမှုဆိုင်ရာ လှုပ်ရှားမှု စတင်
DVB
·
June 19, 2020
လူငယ်တွေအနေနဲ့ အင်တာနက်ကို စိတ်ချလုံခြုံစွာနဲ့ အကျိုးရှိစွာ အသုံးပြုတတ်စေဖို့ ရည်ရွယ်ဆောင်ရွက်တဲ့ “ချစ်ခင်ကြင်နာ၊ အွန်လိုင်းကမ္ဘာ” အွန်လိုင်းဘေးကင်းလုံခြုံမှုဆိုင်ရာ လှုပ်ရှားမှုကို ဇွန် ၁၈ ရက်နေ့က စတင်လိုက်တယ်လို့ တယ်လီနောမြန်မာက ပြောပါတယ်။
ဒီလှုပ်ရှားမှုဟာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကလေးသူငယ်တွေနဲ့ လူငယ်တွေအကြား အကြမ်းဖက်ခြင်းနဲ့ ဘေးအန္တရာယ်တွေ မြှင့်တက်လာချိန်မှာ အပြုသဘောဆောင်တဲ့ အွန်လိုင်းအမူအကျင့်တွေကို အားပေးခြင်းဖြင့် လူငယ်တွေရဲ့ အသံကို ပိုမိုမြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အွန်လိုင်းပေါ်မှာ အနိုင်ကျင့်ခြင်း၊ အမုန်းစကားများဖြန့်ဝေခြင်း၊ လိမ်လည်ရင်းနှီးမှုရယူခြင်း၊ ညစ်ညမ်းပုံနှင့် စာများပေးပို့ခြင်း၊ သတင်းအတုများ စတဲ့ ပြဿနာတွေကို နားလည်သဘောပေါက်လာစေဖို့နဲ့ ဒစ်ဂျစ်တယ်နည်းပညာမှာ ကျွမ်းကျင်လာစေဖို့ ပံ့ပိုးလုပ်ဆောင်မယ်လို့လည်း သိရပါတယ်။
တယ်လီနောမြန်မာရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ Jon Omund Revhaug က “ကလေးငယ်တွေနဲ့ လူငယ်တွေ၊ အထူးသဖြင့် မိန်းကလေးတွေအတွက် လုံခြုံစိတ်ချရတဲ့ ဒစ်ဂျစ်တယ် ပတ်ဝန်းကျင် တစ်ခုဖြစ်လာဖို့ဆိုတာ တယ်လီနောရဲ့ လူမှုအကျိုးပြု ဦးတည်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ မိုဘိုင်းနဲ့ ဒစ်ဂျစ်တယ်ဆက်သွယ်ရေးဟာ လူတိုင်းအတွက်ဖြစ်သင့်တယ်လို့ ကျနော်တိုအားလုံး ယုံကြည်ပါတယ်။ အင်တာနက်ကို စိတ်ချလုံခြုံစွာနဲ့ အကျိုးရှိစွာ အသုံးပြုတတ်ဖို့က အရေးကြီးတဲ့ အတတ်ပညာတစ်ခုဖြစ်ပါတယ်။ အဲဒါကြောင့် အခုပြုလုပ်တဲ့ ဒစ်ဂျစ်တယ်နည်းပညာ ကျင်လည်မှု သင်တန်းကမှတစ်ဆင့် အွန်လိုင်းပေါ်မှာ လိုက်နာသင့်တဲ့ အပြုအမူတွေ၊ မသင့်တော်တဲ့ အကြောင်းအရာအတွေနဲ့ တရားမဝင်တဲ့ အကြောင်းတွေကို စနစ်တကျ တိုင်ကြားနည်းတွေအပြင် လူငယ်တွေကို လုံခြုံစိတ်ချမှုရှိရှိ အဆက်အသွယ်လုပ်နိုင်မယ့် အခွင့်အရေးတစ်ခုကို ဖန်တီးပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။
ဒီလှုပ်ရှားမှုကို တိုင်းဒေသကြီး ၈ ခုမှ အလယ်တန်းနဲ့ အထက်တန်းအဆင့်ရှိ အခြေခံ ကျောင်းသား/ကျောင်းသူ ၇ သိန်းနဲ့ လူမှုမီဒီယာကနေတဆင့် လူငယ်အများအပြားဆီ ပျံ့နှံ့ရောက်ရှိအောင် ဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။
ထိန်ထိန်လင်း