တရားဟောဆရာစောဒေးဗစ်လားအမှု တရားလိုပြ သက်သေ ၃ ဦးကို စစ်ဆေး
DVB
·
June 16, 2020
ခရစ်ယာန် တရားဟောဆရာ စောဒေးဗစ်လားနဲ့ နဝရတ်တေးသံသွင်းက ဦးဝေထွန်းတို့ အမှုကို ရန်ကုန် မရမ်းကုန်းတရားရုံးမှာ ဇွန် ၁၆ ရက်က ၅ ကြိမ်မြောက် ရုံးထုတ်ပြီး တရားလိုပြ သက်သေ ၃ ဦးကို စစ်ဆေးခဲ့ပါတယ်။
ဒီရုံးချိန်းမှာတော့ မရမ်းကုန်းမြို့နယ်က ကျန်းမာရေးဆရာဝန် ဝန်ထမ်းနှစ်ဦးနဲ့ ရှာဖွေသက်သေ တစ်ဦးတို့ကို စစ်ဆေးခဲ့ပြီး တရားလိုဘက်ကတော့ စာရွက်စာတမ်းတွေ တင်သွင်းခဲ့ပါတယ်။
မရမ်းကုန်းမြို့နယ် တရားသူကြီး ဦးမိုးဆွေက “ဒီနေ့မှာ အမှုမှ တရားလိုပြသက်သေများ ဖြစ်တဲ့ ဒေါက်တာအေးအေးမျိုး၊ ဒေါက်တာဥက္ကာဖြိုးနဲ့ ဦးဇော်ဝင်းတို့ကို စစ်ဆေးခဲ့ပါတယ်။ ဦးဒေးဗစ်လားနဲ့ ကျန်းမာရေးဝန်ထမ်းဖြစ်တဲ့ ဆရာဝန်နှစ်ဦးကို စစ်ဆေးမေးမြန်းခြင်းနဲ့ စပ်လျဉ်းပြီးတော့ မေးမြန်းတဲ့ မေးခွန်းတွေကတော့ အမှုနဲ့စပ်ဆိုင်တဲ့မေးခွန်းဖြစ်တဲ့အတွက် ဖြေကြားခြင်းမပြုနိုင်ပါဘူး။ ဒီနေ့မှာ တရားလိုဘက်က စာရွက်စာတမ်းတွေကို သက်သေပြအနေနဲ့ တင်သွင်းခဲ့ပါတယ်။” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ လေးကြိမ်မြောက်ရုံးထုတ်မှာတော့ သက်သေ ၄ ဦးအထိ စစ်ဆေးအပြီးမှာ ဘယ်သူကမှ လူစုလူဝေး ပြုလုပ်ခဲ့တယ်ဆိုတာ မျက်မြင်အနေနဲ့ သက်သေမပြနိုင်ခဲ့ဘူးလို့ စောဒေးဗစ်လားရဲ့ ရှေ့နေ ဦးအောင်ကြည်ဝင်းက ရုံးချိန်းအပြီးမှာ ပြောပါတယ်။
အခုရုံးချိန်းမှာ ဆိုင်းဘုတ်ကို ကိုင်ဆောင်ပြီး တကိုယ်တော် ဆန္ဒပြခဲ့သူ တစ်ဦးက “ဒါက ဆရာဒေးဗစ်လားနဲ့ ကိုဝေထွန်းတို့အတွက် လာတာပါ။ သူတို့ ဒီလောက်အခြေအနေ အထိ ဖြစ်သွားတာကတော့ ကောလာဟလကြောင့်ပါ။ အင်းစိန်မှာ ရောဂါ ကူးစက်မှုတုန်းက ဆရာဒေးဗစ်လားရဲ့ တရားဟောချက် ဗွီဒီယိုဖိုင်တွေရယ် သူတို့ရဲ့ပုံတွေရယ်ကို သုံးပြီး ကောလာဟလ ဖြန့်လိုက်တဲ့ အချိန်မှာ ဒါတွေက တခုတည်းပုံစံမျိုး ဖြစ်သွားတယ်။ တရားစီရင်ရေးကိစ္စကိုတော့ မပြောလိုပါဘူး။ သူတို့ဟာ ကောလာဟလရဲ့ သားကောင် ဖြစ်ခဲ့တယ်ဆိုတာပဲ သိစေချင်လို့ လာခဲ့တာပါ” လို့ ပြောပါတယ်။
တရားဟောဆရာ စောဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့ နှစ်ယောက်ဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း လူစုလူဝေး ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ တရားစွဲဆိုခံထားရတာပါ။
လာမယ့်ရုံးချိန်းကိုတော့ ဇွန် ၁၈ ရက်နေ့ကို ချိန်းဆိုထားပြီး၊ သက်သေ ၄ ဦး စစ်ဆေးသွားဖို့ ရှိပါတယ်။ ဒီအမှုဟာ အများပြည်သူ စိတ်ဝင်စားနေပြီး အရေးကြီးတဲ့အတွက် ရက်ပေါင်း ၉၀ အတွင်း အပြီးသတ်စစ်ဆေးမယ်လို့ မရမ်းကုန်းမြို့နယ် တရားသူကြီးက ပြောထားပါတယ်။
သတင်း- နူးရာ