ဇွန်လ ၁၆ ရက်နေ့ကို ရှမ်းအမျိုးသားလူ့အခွင့်အရေးနေ့ အဖြစ်သတ်မှတ်
နန်းမြနဒီ
·
June 16, 2020
ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်ထဲမှာ ရွာသား ၅၆ ဦး သတ်ဖြတ်ခံခဲ့ရတဲ့ ဇွန်လ ၁၆ ရက်နေ့ကို ရှမ်းပြည်ညီညွတ်ရေးကော်မတီက (CSSU) ရှမ်းအမျိုးသား လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ကြောင်း ကြေညာပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က ရှမ်းပြည်နယ်ထဲမှာ မြန်မာ့တပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးရွားစွာခံစားခဲ့ရတာဖြစ်ပြီး နောင်မှာ အလားတူသမိုင်းဆိုးတွေ မပေါ်ပေါက်ဖို့နဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လျှင်မြန်စွာဖြစ်ထွန်းဖို့အတွက် ရှမ်းအဖွဲ့အစည်းတွေ ဆွေးနွေးတိုင်ပင်ပြီး ရှမ်းအမျိုးသားလူ့ အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့တာလို့ဆိုပါတယ်။
အဆိုပါဖြစ်ရပ်တွေဟာ ကြာခဲ့ပြီဆိုပေမဲ့ ရွာသားတွေက အဲဒီဒဏ်ချက်တွေကို ယခု တိုင်ခံစားနေရဆဲဖြစ်ပြီး ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ပြောခွင့်ရ စိုင်းဆိုင်မုဒ်က ဒီဗွီဘီကို ပြောပါတယ်။
“ဒီအဖြစ်အပျက်က ကြာခဲ့ပေမဲ့ နောက်နောင်ဒီလိုအဖြစ်ဆိုးတွေမပေါ်ပေါက်ဖို့နဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကိုလည်း မျှော်ကိုးပါတယ်။ ပြီးတော့ ကျူးလွန်သူတွေရဲ့ အပြစ်ကြွေးကိုဆေးကြောဖို့၊ လူ့အခွင့်အရေး ချိုးဖောက်မှုဒဏ်ခံခဲ့ရတဲ့ ရွာသားနဲ့ မိသားစုဝင်တွေ ကိုနှစ်သိမ့်အားပေးဖို့၊ သေဆုံး သွားခဲ့တဲ့ အပြစ်မဲ့ပြည်သူတွေကို အောက်မေ့သတိရစေဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ ကျနော်တို့ ရှမ်း အဖွဲ့တွေဆွေးနွေးတိုင်ပင်ပြီး ရှမ်းအမျိုးသားလူ့အခွင့်အရေးနေ့ကို သတ်မှတ်ခဲ့တာပါ။”
ရှမ်းပြည်နယ်မှာ ၁၉၉၆ ကနေ ၁၉၉၈ ခုနှစ်အတွင်း တပ်မတော်ရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှု တွေကို အဆိုးရွားဆုံး၊ အကျယ်ပြန့်ဆုံးခံစားခဲ့ရကြောင်း၊ တပ်မတော်မှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဖြတ် ၄ ဖြတ်စနစ်နဲ့ နှိမ်နင်းခဲ့ရာမှာ ရှမ်းပြည်တောင်ပိုင်းရှိ မြို့နယ်ပေါင်း ၁၁ မြို့နယ်က ရွာပေါင်း ၁၄၀၀ ကျော်က အပြစ်မဲ့ရွာသားတွေ အတင်းအကြပ် ရွှေ့ပြောင်းခံရတာ၊ လိင်အကြမ်းဖက်မှုနဲ့ သတ်ဖြတ်မှုတွေ ခံခဲ့ရတယ်လို့ CSSU ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ရှမ်းလူမှုအခြေပြုအဖွဲ့အစည်းပေါင်း ၁၇ ဖွဲ့ကလည်း တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကို ခံခဲ့ရတဲ့ ဒေသ၊ ကျေးရွာ၊ လူဦးရေ၊ ချိုးဖောက်ခံခဲ့ရပုံ အသေးစိပ်နဲ့ ကျူးလွန်တဲ့ တပ်မတော်တပ်ရင်းတပ်ဖွဲ့အမည် အသေးစိတ် အချက်အလက်တွေကို ဒီ ကနေ့မှာပဲ ထပ်မံထုတ်ပြန်လိုက်ပါတယ်။
အဖြစ်အပျက်တွေက ကြာခဲ့ပေမဲ့ အဲဒီတုန်းက မီဒီယာဖွံ့ဖြိုးမှုအားနည်းပြီး ရွာသားတွေလည်း အကြောက်လွန်နေတာကြောင့် လူတွေသိပ်မသိခဲ့ကြကြောင်း၊ ဒါကြောင့် အချက်လက်တွေကို သက်သေတွေနဲ့ စုဆောင်းပြီး ဒီကနေ့မှာ ထပ်မံထုတ်ပြန်လိုက်တာလို့ ရှမ်းလူမှုအသင်းအဖွဲ့ ပြော ခွင့်ရ စိုင်းလင်းက ဒီဗွီဘီကို ပြောပါတယ်။
“လက်ရှိမြန်မာပြည်မှာ ရခိုင်ပြည်နယ်ထဲက လူ့အခွင့်အရေးချိုးဖောက်တာကိုပဲ အများစုက အာရုံစိုက်တယ်။ အမှန်က ကျနော်တို့ ရှမ်းပြည်နယ်ထဲက တိုင်းရင်းသားလူမျိုးစုတွေရော၊ တခြား ပြည်နယ်ကတိုင်းရင်းသားဒေသတွေမှာပါ တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ခံလာခဲ့ရ တာ ကြာခဲ့ပါပြီ။ အဲဒီတုန်းက သတင်းတွေထွက်ပေါ်ဖို့ ဆိုတာတော်တော်ခက်တယ်။ ဘယ်သူ မှမပြောရဲဘူး။ လွတ်မြောက်နယ်မြေရောက်မှ ပြောရဲတယ်။ အခုသက်သေတွေ ရနိုင်သလောက်ပြန်ရ အောင်ပြန်ကောက်တယ်။ ဒါကို လူတွေသိရှိရအောင်၊ မမေ့မလျော့ရအောင် ထပ်ပြီး ထုတ်ပြန်ရ တာဖြစ်တယ်။ ကမ္ဘာကိုလည်း သိစေချင်တယ်။ နောက်နောင်အလားတူ ချိုးဖောက်မှုတွေ ထပ်မ ဖြစ်ဖို့လည်း တောင်းဆိုတယ်။”
ဒီကနေ့ ပထမဆုံးသတ်မှတ်လိုက်တဲ့ ရှမ်းအမျိုးသားလူ့အခွင့်အရေးနေ့မှာ နေရာဒေသ အသီးသီးမှာရှိတဲ့ ရှမ်းအဖွဲ့တွေဦးဆောင်ပြီး သတ်ဖြတ်ခံရလို့ သေဆုံးသွားခဲ့ရသူတွေကို ရည်စူးကာ အလှူအတန်းအမျှပေးဝေခဲ့ပါတယ်။