Home
မြန်မာသတင်း
ကျေးလက်က မိသားစုတစ်ပိုင်တစ်နိုင် လက်မှုလုပ်ငန်းများ အစိုးရထောက်ပံ့ချေးငွေလိုအပ်နေ
DVB
·
June 15, 2020
103567661_967192663735461_3219559906754122027_o
103338566_967192630402131_4041556104718855002_o
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ကျုံတာကျေးရွာအုပ်စု၊ ရှမ်းကွင်းကြီးကျေးရွာနေ မိသားစုတွေဟာ  အသက်မွေးဝမ်းကျောင်း ရိုးရာလက်မှုပညာတစ်ခုဖြစ်တဲ့ မြှုံးလုပ်ငန်းကို လုပ်ကိုင်ပြီး အသက်မွေးဝမ်းကြောင်းပြုနေကြပါတယ်။ ကျေးလက်တောရွာတွေမှာ မိသားစုစားဝတ်နေရေးအတွက် လုပ်ကိုင်နေတဲ့ မိသားစု တစ်ပိုင်တစ်နိုင် အသေးစား လက်မှုပညာ လုပ်ငန်းတွေဟာ ရေရှည်ရပ်တည်ဖို့ အတွက် အခက်အခဲတွေနဲ့ ကြုံတွေ့နေရပြီး  နိုင်ငံတော်အစိုးရရဲ့  အသေးစား ထောက်ပံ့ ချေးငွေရရှိဖို့  မျှော်လင့်နေကြပါတယ်။ မိသားစုစားဝတ်နေရေး ရပ်တည်ဖြေရှင်းနိုင်ဖို့ ရှမ်းကွင်းကြီးကျေးရွာက မြှုံးယက်လုပ်နေ ကြတဲ့ အမျိုးသမီးတွေဟာ မြုံးလုပ်ငန်းရင်းနှီးဖို့အတွက် အရပ်ထဲက အတိုးကြီးတွေနဲ့ ချေးပြီး ရင်းနှီးလုပ်ကိုင်နေကြရတာပါ။ ဒါ့ကြောင့် မိသားစုစားဝတ်နေရေး ကလေးတွေရဲ့ ကျောင်းပညာရေး အခက်ကြုံတွေ့နေရပြီး အစိုးရက လုပ်ငန်းရင်းနှီးဖို့ အသေးစားချေးငွေလေးတွေ ထောက်ပံ့ ချေးပေးရင် လက်မှုပညာ မြှုံးလုပ်ငန်းတွေ ဒီထက်မက တိုးချဲ့ သွားနိုင်တယ်လို့ မြှုံးယက်လုပ်နေသူ အမျိုးသမီးတွေက ဆိုပါတယ်။ မြှုံးယက်လုပ်နေသူ မနွဲ့နွဲ့စန်းက  “ကျမက အရင်းအနှီးမရှိတော့ လက်ခစားနဲ့ ယက်လုပ် တယ်။ မြှုံးတစ်လုံးကို လက်ခ ၈၀ ကျပ်ရတယ်။ နေ့ရောညပါ ယက်ရင် တနေ့ကို အလုံး ၄၀ လောက်ပြီးတယ်။ တစ်နေ့ကို ကျပ် ၃၀၀၀ ကျော်လောက်ရတယ်။ ကျောင်းသားတွေလည်းရှိတော့ မိသားစုစားဝတ်နေရေး အခက်အခဲတွေရှိတာပေါ့” လို့ ပြောပါတယ်။ ဝါးကိုအဆင့်ဆင့် ယက်လုပ်နိုင်တဲ့ နှီးဖြင့်အောင် ပြုလုပ်ရပြီး နှီးအဆင့် ရပြီးဆိုတော့မှ မြှုံးယက်လုပ်ကြပါတယ်။ ရရှိလာတဲ့ မြှုံးတွေကိုတော့ မြှုံးတစ်လုံးကို ကျပ်  ၈၀၀ ကျပ်နဲ့ စျေးကွက်ထဲသို့ တင်ပို့ရောင်းချကြပါတယ်။ အဲဒီ မြှုံးတွေကို မြစ်ထဲ၊ ချောင်းထဲ၊ လယ်ထဲတွေမှာ ငါးထောင်ရာမှာ အသုံးပြုကြတာပါ။ အဲဒီရှမ်းကွင်းကျေးရွာလေးဟာ ဖျာပုံမြို့ရဲ့ မြောက်ဘက်ခြမ်းမှာရှိပြီး ဖျာပုံမြစ်ဘေးမှာ တည်ရှိကာ မြှုံးလုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ ဥယျာဉ်လုပ်ငန်း၊ ရေလုပ်ငန်း၊ မိရိုးဖလား မြန်မာမုန့်လုပ်ငန်းတွေ လည်းလုပ်ကိုင်ကြပါတယ်။  အဲဒီရွာက ထွက်ရှိလာတဲ့ ရှမ်းကွင်း ငါးသလောက်၊ ရှမ်းကွင်းမုန့်ဖက်ထုပ်၊ ရှမ်းကွင်း ကောက်ညှင်းထုပ် တို့ဟာ ဆိုရင် နာမည်ကြီး လူကြိုက်များတဲ့ ကျေးရွာရဲ့ ဒေသထွက်ကုန်တွေဖြစ်ကြပါတယ်။ လက်ရှိ ကိုဗစ်-၁၉ ရောဂါ ကပ်ဘေးကာလမှာ အစိုးရက  အသေးစား အလတ်စားနဲ့ တခြား စီးပွားရေးလုပ်ငန်းကြီးတွေကိုတော့ အတိုးနှုန်းသက်သာစွာနဲ့ ကိုဗစ် ရန်ပုံငွေကနေ ထုတ်ချေး ပေးနေတာ ရှိပေမဲ့ တစ်ပိုင်တစ်နိုင် မိသားစု လက်မှု လုပ်ငန်းလေးတွေကိုတော့ ထောက်ပံ့ကူညီ ပေးတာမရှိပါဘူး။  ကျော်စိုးမိုး 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024