ပြည်-ရန်ကုန် အမြန်ရထားခရီးစဉ် ပြန်ထွက်မည်
မင်းညို
·
June 15, 2020
ပြည်-ရန်ကုန် မီးရထားခရီးစဉ်ကို ဇွန် ၁၆ ရက်နေ့က စတင် ပြန်လည်ပြေးဆွဲမှာ ဖြစ်ပြီး ခရီးသည် တစ်ဦးနဲ့ တစ်ဦးခပ်ခွာခွာ စီးနင်းရမယ့် Social Distancing အစီအစဉ်အရ စီးနင်းခ တစ်ခုံဖိုးပေးပြီး နေရာ ၂ ခုံစာရရှိမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်စတင် ဖြစ်ပွားတဲ့အချိန် နောက်ပိုင်း ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့ကစပြီး ပြည်မြို့ကနေ ထွက်တဲ့ ခရီးသည်တင် ရထားခရီးစဉ်တွေကို ရပ်တပ်ထားတာ ဖြစ်ပါတယ်။
အခု ရောဂါပျံ့နှံ့မှု အနည်းငယ် လျော့ကျလာတာကြောင့် ရပ်နားထားတဲ့ ရထားခရီးစဉ် လေးခုထဲကနေ ပြည်- ရန်ကုန် အမြန်ရထားကို ပြန်လည် ထွက်တော့မှာလို့ ပြည်ဘူတာ အထူးတန်းရုံပိုင်ကြီး ဦးသိန်းမြက ပြောပါတယ်။
အဲဒီလို ပြန်လည်ထွက်ရာမှာ ခရီးသည်တွေအနေနဲ့ ခုံ တစ်ခုံကိုဝယ်ယူရာမှာ Social Distancing အရ ၂ ခုံပေးထိုင်မှာဖြစ်ပြီး၊ ရထားမထွက်ခင်နဲ့ ရထားပေါ်မှာ ခရီးသည်တွေ နေထိုင်ရမယ့်ပုံစုံ ဆောင်ရန် ရှောင်ရန်တွေကိုလည်း ရှင်းပြပါတယ်။
ပြည်- ရန်ကုန် အမြန်ရထားကတော့ မနက်ဖန် စထွက်တော့မှာဖြစ်တာကြောင့် ဒီနေ့ ဇွန်လ ၁၅ ရက်ကစပြီး ပုံမှန်အတိုင်း ရထားလက်မှတ်တွေ ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။
ရထားချိန်တွေကလည်း အရင်အတိုင်း ရန်ကုန်မြို့ကနေ နေ့လယ် ၁ နာရီ၊ ပြည်ကနေ ည ၁၀ နာရီခွဲအချိန်တွေအတိုင်း ပြန်လည်ထွက်ပေးသွားမှာဖြစ်ပါတယ်။
ပြည်မြို့မှာ ကိုဗစ်ကပ်ဘေးကာလ မရပ်ပဲပြေးဆွဲနေတဲ့ ပြည်-ကြည့်မြင့်တိုင် ကုန်ရထားကတော့ နဂိုအတိုင်း ဆက်လက်ပြေးဆွဲမှာဖြစ်ပါတယ်။