ကာတာနိုင်ငံတွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသားများ ရန်ကုန်ပြန်ရောက်
DVB
·
June 15, 2020
ကိုဗစ်-၁၉ ကပ်ဘေးကာလ ပြည်ပနိုင်ငံတွေမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၇၄ ဦးကို ဇွန်လ ၁၄ ရက်က ကာတာနိုင်ငံမှ ကယ်ဆယ်ရေးလေယာဉ်နဲ့ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
ကာတာနိုင်ငံရောက် မြန်မာနိုင်ငံသား ၆၁ ဦးနဲ့ အီတလီနိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ အီရန်နိုင်ငံနဲ့ ဩစတေးလျနိုင်ငံရောက် မြန်မာနိုင်ငံသား ၁၃ ဦး၊ စုစုပေါင်း ၇၄ ဦးတို့ကို ဒိုဟာ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ (Myanmar Airways International-MAI) ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။
နေရပ်ပြန်လာသူတွေဟာ မနေ့ညက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာပြန်လည်ရောက်ရှိခဲ့ကြပြီး ကျန်းမာရေးစစ်ဆေးမှုခံယူကာ သတ်မှတ်နေရာတွေမှာ ၂၁ ရက် quarantine ထားရှိမှာ ဖြစ်ပါတယ်။
ဇွန်လ ၁၄ ရက်အထိ မြန်မာနိုင်ငံအစိုးရအနေနဲ့ ပြည်ပနိုင်ငံအသီးသီးမှာ ပိတ်မိပြီး အခက်အခဲကြုံတွေ့နေကြရတဲ့ မြန်မာနိုင်ငံသားဦးရေ စုစုပေါင်း ၃၇၆၂ ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်တယ်လို့ အစိုးရ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ- MOFA