မြဝတီနယ်စပ်မှ တရားမဝင် ဝင်ရောက်သူနှင့် လက်ခံထားသူများကို အရေးယူမည်
DVB
·
June 13, 2020
မြန်မာနိုင်ငံသားတွေအနေနဲ့ အမှတ်-၂ ချစ်ကြည်ရေးတံတားကနေ တရားဝင် ဝင်ရောက်ဖို့၊ တရားမဝင်လမ်းကြောင်းက ဝင်ရောက်လာသူတွေနဲ့ လက်ခံထားသူတွေကို အရေးယူသွားမယ်လို့ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။
ကိုဗစ်ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်း နယ်စပ်ဝင်ထွက်ပေါက်တွေက တရားဝင် ဖွင့်လှစ်ထားတဲ့ စခန်းတွေမှာ စနစ်တကျလက်ခံပြီး ရောဂါကုသရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ အခုလို ဆောင်ရွက်ရတာဖြစ်သလို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဆိုပါတယ်။
မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က “တယောက်လွတ်သွားရင် အရမ်းအန္တရာယ်ကြီးတယ်။ ထိန်းချုပ်တဲ့စနစ် မှန်မှန်ကန်ကန်ဖြစ်အောင် ပေးတဲ့လမ်းကြောင်းကနေ ဝင်ဖို့လိုတယ်။ အဲလိုဝင်တဲ့သူကော၊ လက်ခံတဲ့သူကော ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမယ်” လို့ ပြောပါတယ်။
နယ်စပ်ကနေ တရားမဝင် ဖြတ်သန်းခွင့်မရှိစေဖို့နဲ့ ကူညီဆောင်ရွက်နိုင်ဖို့ မဲဆောက်မြို့ တာခ်ခရိုင် လ.ဝ.က၊ အလုပ်သမားသံအရာရှိ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနတွေကို အသိပေး အကြောင်းကြားစာတွေ ပေးပို့ထားပါတယ်။
တရားဝင်မထုတ်ပြန်ခင် သောင်းရင်းမြစ်ကနေ တရားမဝင် ဖြတ်ကူးခဲ့တဲ့သူ ၆၆ ဦးကို မြဝတီဆေးရုံမှာ ကျန်းမာရေးစစ်ဆေးတာတွေ ပြုလုပ်စေခဲ့ပြီး ဥပဒေအရ အရေးယူ ဆောင်ရွက်ပြီးမှသာ Quaratine စခန်းတွေကို ဝင်ရောက်ရမှာပါ။
ဇွန် ၁ ရက်နေ့မှ စတင်ပြီး နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်မှုနဲ့ တရားဝင် ပြန်လည်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၄၆၀၀ ကျော်၊ IDC ၅၀၀ ကျော်၊ သီးခြားဝင်ရောက်သူ ၂၀၀၀၀ ကျော် ဝင်ရောက်လာခဲ့ပါတယ်။
၂၀၂၀ ဇွန်လ ၁၀ ရက်နေ့က ပြည်ပနိုင်ငံတွေကနေ မြန်မာနိုင်ငံကို မည်သူမဆို တရားမဝင် ဝင်ထွက်ပေါက်တွေကနေ ဝင်ရောက်တာ၊ တရားမဝင် ဝင်ရောက်ကြောင်း သိလျက်နဲ့ လက်သင့်ခံရင် သက်ဆိုင်ရာ တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူ ဆောင်ရွက်ခံရမယ်လို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက အသိပေးကြေညာထားပါတယ်။
ရဲမင်းခေါင်