ဇီးကုန်းမြို့တွင် မိုးကြိုးပစ်ခံရမှုကြောင့် ၁၀ တန်းကျောင်းသား ၁ ဦး သေဆုံး
မင်းညို
·
June 7, 2020
ပဲခူးတိုင်း ဇီးကုန်းမြို့မှာ ဇွန် ၆ ရက်နေ့ ညနေ ၃ နာရီခွဲကျော်လောက်က မိုးကြိုးပစ်ခံရလို့ ၁၀ တန်းစာမေးပွဲဖြေဆိုထားတဲ့ လူငယ်တယောက် သေဆုံးခဲ့ပါတယ်။
ဇိးကုန်းမြို့နယ် ကံကလေးကျေးရွာနေမှာနေထိုင်တဲ့ ၁၀ တန်းကျောင်းသား ကိုနိုင်လင်းထက်ဟာ လယ်ကွင်းထဲအသွားမှာ မိုးကြိုးထိမှန်ပြီး သေဆုံးသွားတာပါ။
ဇီးကုန်းမြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ကျော်က “သူတို့က ညီအစ်ကို ၂ ယောက်။ အဖေနဲ့အတူ လယ်ထဲကို မြတ်သတ်ဆေးဖျန်းဖို့ စက်ဘီးတွေနဲ့ ရေပုံးတွေသွားထားကြတာ။ အပြန်မှာ အဖေကရှေ့က စက်ဘီးနဲ့ သွားနှင့်ပြီ။ နောက်မှာ ညီအစ်ကို ၂ ယောက်က မလှမ်းမကမ်းက ပြန်လာကြတာ မိုးကလည်းရွာနေတာ အစ်ကိုက နောက်က ပေ ၃၀ ကျော်လောက်မှာ၊ အဲဒီမှာ ညီဖြစ်သူကို မိုးကြိုးက ထိသွားတာထင်တယ်။ အခုတော့ အလောင်းကို သယ်ယူလာခဲ့ပါပြီ။ သေမှုသေခင်းဖွင့်ရမှာ” လို့ DVB ကို ပြောပါတယ်၊
ဇွန် ၆ ရက်နေ့ ညနေ ၃ နာရီခွဲလောက်က ဇီးကုန်းမြို့မှာ အချိန် ၁ နာရီကြာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မိုးကြိုးပစ်ခဲ့တာတွေ ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကနေ မေလကုန်အထိ မိုးကြိုးဘေး ၃၄ ကြိမ် ဖြစ်ပွားပြီး ၃၆ ဦးသေဆုံး၊ ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။