၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလအတွင်း ကျင်းပမည်
DVB
·
June 4, 2020
၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလအတွင်းမှာပဲ ကျင်းပသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က အတည်ပြုပြောဆိုပါတယ်။
နေပြည်တော်မှာ ဇွန်လ ၄ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပြီး ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို ပုံမှန်အတိုင်း ၄ လကြိုတင် ကြေညာသွားမယ်လို့ ဦးမြင့်နိုင်က ပြောပါတယ်။
လက်ရှိ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေနဲ့ အစည်းအဝေးတွေ ပြုလုပ်နေပြီး မဲဆန္ဒနယ်တွေ သတ်မှတ်ဖို့နဲ့ မဲရုံထားရှိမယ့် ပုံစံတွေကို ဆွေးနွေးနေတယ်လို့ ပြောပါတယ်။
ကိုဗစ်-၁၉ ကပ်ဘေးကာလဖြစ်တာကြောင့် မဲရုံထားရမယ့် အရေအတွက်ကိုပါ ထည့်သွင်း ဆွေးနွေးနေတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်နဲ့ ‘၀’ ဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက်လည်း ပြည်ထောင်စု အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ကိုလည်း သဘောထား မေးမြန်းထား တယ်လို့ သိရပါတယ်။
လာမယ့် အထွေထွေရွေးကောက်ပွဲကျင်းပမယ့်နေ့ရက်ကို ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်နိုင်တဲ့ အခြေအနေအပေါ်မူတည်ပြီး သတ်မှတ်ကြေညာမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းကလည်း ပြောကြားထားပါတယ်။