အလုပ်သမားဥပဒေမလိုက်နာသည့် အလုပ်ရှင်များကို အရေးယူရန် ကမ်ပိန်းပြုလုပ်တောင်းဆို
DVB
·
June 3, 2020
အလုပ်သမားဥပဒေတွေကို လိုက်နာမှုမရှိတဲ့ လုပ်ငန်းရှင်တွေကို အရေးယူပေးဖို့ အလုပ်ထုတ်ခံရတဲ့အလုပ်သမားတွေက ဒီကနေ့ ရန်ကုန်မှာ စုပေါင်းကမ်ပိန်းပြုလုပ် တောင်းဆိုလိုက်ပါတယ်။
ဒီလှုပ်ရှားမှုကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်းရှိ မြန်မာယူနီဗျူး စက်ရုံက အလုပ်ထုတ်ခံထားရတဲ့အလုပ်သမား ၃၀၀ ကျော်ကိုယ်စား အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေက ပြုလုပ်ခဲ့တာပါ။
အလုပ်သမားခေါင်းဆောင်ကိုထက်လှိုင်ဖြိုးက "အလုပ်ထုတ်ခံရတဲ့ အလုပ်သမားခေါင်းဆောင် ၇ ဦးအပါအဝင် ကိုဗစ်ဂယက်ကြောင့် ကုန်ကြမ်းပြတ်တယ်ဆိုပြီး အလုပ်သမားအင်အား အလျှော့ခံရတဲ့ အလုပ်သမား ၃၀၀ကျော်အတွက်ပါ စုပေါင်းပြုလုပ်တာ"လို့ ပြောပါတယ်။
ဒီကမ်ပိန်းမှာ မြန်မာနိုင်ငံရှိအလုပ်သမားဥပဒေတွေကို လေးစားလိုက်နာမှုမရှိ တဲ့လုပ်ငန်းရှင်ကို ရင်းနှီးမြုပ်နှံခွင့်မပေးဖို့၊ ဥပဒေမလိုက်နာတဲ့ အလုပ်ရှင်ကို အမြန်ဆုံးအရေး ယူနိုင်ဖို့ စတဲ့အချက် ၄ ချက် ပါဝင်ပါတယ်။
လက်ရှိမှာတော့ မြန်မာယူနီဗျူးစက်ရုံက အလုပ်ရှင်/အလုပ်သမားအငြင်းပွားမှုကို သက်ဆိုင်ရာ မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့မှာ ညှိနှိုင်းဆောင်ရွက်နေဆဲဖြစ်ပြီး ပြေလည်မှုတော့မရရှိသေးပါဘူး။
သတင်း- ဇာခြည်