အောင်ဆန်းရုပ်ရှင် ၈၀ ရာခိုင်နှုန်း ပြီးစီး
DVB
·
May 29, 2020
သရုပ်ဆောင်လူမင်း ဒါရိုက်တာအနေနဲ့ ရိုက်ကူးပုံဖော်နေတဲ့ အောင်ဆန်းရုပ်ရှင် ဟာ ရိုက်ကူးရေးရက်ပေါင်း ၈၈ ရက် ရိုက်ကူးအပြီးမှာ ၈၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်တယ် လို့ သိရပါတယ်။
အောင်ဆန်းရုပ်ရှင်စတင်ရိုက်ကူးရေး မိတ်ဆက်ပွဲအခမ်းအနားကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ၃၀ ရက်နေ့မှာတော့ ရိုက်ကူး ရေးလုပ်ငန်းတွေကို စတင်ခဲ့တာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေကြောင့်မို့ ရိုက်ကူးရေး လုပ်ငန်းတွေကို ရပ်ဆိုင်းထားခဲ့ရချိန်မှာ အောင်ဆန်းရုပ်ရှင်ရိုက်ကူးမှု အခြေအနေနဲ့ ပတ် သက်ပြီးတော့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် သတင်း ထုတ်ပြန်ခဲ့တာပါ။
“ကိုရိုနာဗိုင်းရပ်စ် COVID-19 ကမ္ဘာ့ကပ်ရောဂါ အခြေအနေများကြောင့် ၂၀၂၀ ခုနှစ် မတ်လ ကုန်ပိုင်းမှ စတင်ပြီး အောင်ဆန်းရုပ်ရှင် ရိုက်ကူးရေးလုပ်ငန်းများကို ခေတ္တ ဆိုင်းငံ့ထားသော်လည်း Editing လုပ်ငန်းများ၊ ကွန်ပြူတာ အထူးပြုလုပ်ချက် (VFX) များကို ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်”
ဒီရုပ်ရှင်ကို ရန်ကုန်အပါအဝင် မန္တလေး၊ အင်းဝ၊ ရေနံချောင်း အစရှိတဲ့ မြို့တွေ မှာပါ သွားရောက်ရိုက်ကူးမှာဖြစ်ပြီး ဇာတ်ကောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းအဖြစ် ကျော်ကျော်မျိုး၊ ဒေါ်ခင်ကြည်အဖြစ် နန့်ဇာခြည်လင်း၊ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်း အဖြစ်ညိုမင်းလွင်၊ သခင်နုအဖြစ် အောင်မော်ထွန်း၊ မန်းဘခိုင်အဖြစ်မင်းဦး၊ သခင်မြအဖြစ် ရဲအောင်၊ ဒေါက်တာ ဘမော်အဖြစ် ရန်အောင်၊ မာရီလှအဖြစ် မိုးဟေကို၊ ဗိုလ်နေဝင်းအဖြစ် နိုင်းနိုင်း၊ ဗိုလ်မင်းရောင်အဖြစ် လူမင်းနဲ့ ဂဠုန်ဦးစောနေရာမှာ ဂဠုန်ဦးစောရဲ့ မြစ်ဖြစ်တဲ့ ဇော်ဇော်ပိုင်တို့ ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ကပ်ရောဂါ အခြေအနတွေပေါ် မူတည်ပြီး ရုပ်ရှင် ပြန်လည်ရိုက် ခွင့်ရမယ့်အချိန်မှာ လက်ကျန် ဇာတ်ဝင်ခန်းတွေကို ဆက်လက်ရိုက်ကူးသွားမှာဖြစ်တယ် လို့ ဆိုပါတယ်။