မြဝတီချစ်ကြည်ရေးတံတားမှ မြန်မာရွေ့ပြောင်းလုပ်သား ၄၀၀ ကျော် ဝင်ရောက်
DVB
·
May 26, 2020
ထိုင်းနိုင်ငံကနေ မြန်မာရွေ့ပြောင်းလုပ်သား ၄၀၀ ကျော်ဟာ မေ ၂၆ ရက် မနက်ပိုင်းက မြဝတီအမှတ် ၂ ချစ်ကြည်ရေးတံတားကနေ ထပ်မံဝင်ရောက်လာတယ်လို့ COVID-19 ရောဂါကာကွယ်ထိန်းချုပ်၊ကုသရေး ခရိုင်အဆင့်ကော်မတီ(နာယက) ဦးသန့်ဇင်အောင်က ပြောပါတယ်။
ထိုင်းနိုင်ငံအတွင်း ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးကာလ နယ်မြေဖြတ်ကျော် ခရီးသွားလာခွင့်နဲ့ ညမထွက်ရအမိန့်တွေကြောင့် မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်လိုတဲ့ ရွေ့ပြောင်း လုပ်သားတွေအတွက် နှစ်နိုင်ငံ သဘောတူညီမှုနဲ့ ပြန်လည်ပို့ဆောင်ပေးနေတာပါ။
COVID-19 ရောဂါကာကွယ်ထိန်ချုပ်၊ ကုသရေးခရိုင်အဆင့် ကော်မတီ(နာယက) ဦးသန့်ဇင်အောင်က "ပြန်လာမယ်ဆိုရင် မြန်မာပြည်သူများအနေနဲ့ သတင်းအချက်အလက်ကို ကြည့်ပါ။ အခက်အခဲရှိရင် မြန်မာသံရုံးကို ဆက်သွယ်ပြီးတော့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တော့ နယ်စပ်ကို ဖြတ်တဲ့အခါမှာ ဘေးကင်းလုံခြုံစွာ ဖြတ်သန်းနိုင်မှာ ဖြစ်တယ်"လို့ ပြောပါတယ်။
အိမ်မဲမြို့က ရွေ့ပြောင်းလုပ်သား ကိုပိုင်ထက်ဇော်က"အခု နှစ်နိုင်ငံ အစီအစဉ်နဲ့ ဆိုတော့ ဘယ်ဂိတ်မှ စစ်ဆေးခွင့်မရှိတော့ဘူး။ ဒီရောဂါဖြစ်နေတဲ့ကာလမှာ မဖြစ်မနေ ပြန်မယ်ဆိုရင် ထိုင်း-မြန်မာ နှစ်နိုင်ငံပူးပေါင်းလုပ်ဆောင်ပေးတဲ့ တရားဝင်လိုဟာက ပိုအဆင်ပြေတယ်"လို့ ပြောပါတယ်။
ပြန်လည်ဝင်ရောက်လာသူတွေဟာ ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံရုံးကို စာရင်းပေးပို့ ထားသူတွေဖြစ်ပြီး ထိုင်းနိုင်ငံကနေ မော်တော်ယာဉ် ၂၂ စီးနဲ့ မဲဆောက်ကနေတဆင့် ပြန်လည်ဝင်ရောက်လာတာပါ။
နှစ်နိုင်ငံအစီအစဉ်နဲ့ မေ ၂၅ ရက်နေ့ ညနေ ၆ နာရီအထိ သီးခြားဝင်ရောက်လာမယ်သူ ၁၀၀၀ နီးပါးရှိမယ်လို့ တာဝန်ရှိသူက ခန့်မှန်းပြောဆိုထားပါတယ်။
ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာဖို့ ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိထံ စားရင်ပေးပို့ထားသူ ၃၃၀၀၀ ကျော်ရှိရာမှာ မေ ၂၃ ရက်နေ့အထိ တရားဝင် ဝင်ရောက်သူ ၁၅၀၀နီ နီးပါးနဲ့ သီးခြား ဝင်ရောက်သူ ၃၀၀၀ ကျော် ရှိပါတယ်။
သတင်း- ရဲမင်းခေါင်