မရမ်းကုန်းမြို့နယ်တွင် လူဦးရေ ၁ သိန်းကျော်ကို ကျန်းမာရေး စစ်ဆေး
DVB
·
May 24, 2020
ရန်ကုန်တိုင်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ဒုတိယအများဆုံးတွေ့တဲ့ မရမ်းကုန်းမြို့နယ်မှာ လူဦးရေ ၁ သိန်းကျော်ကို ကျန်းမာရေး စစ်ဆေးပေးခဲ့တယ်လို့ သိရပါတယ်။
မရမ်းကုန်းမြို့နယ်ဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၆ ယောက်နဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ ရောဂါကူးစက်ခံရမှု ဒုတိယ အများဆုံး မြို့နယ်တခု ဖြစ်ပါတယ်။
မေ ၂၃ ရက်နေ့က မရမ်းကုန်းမြို့နယ်တွင်း ပြည်သူတွေအတွက် ကျန်းမာရေး စစ်ဆေးတာတွေကို ကားနဲ့လိုက်လံစစ်ဆေးတဲ့အဖွဲ့နဲ့ Volunteer အဖွဲ့တွေက အသီးသီး တလမ်းဝင် တလမ်းထွက် စစ်ဆေးခဲ့တယ်လို့ မရမ်းကုန်းမြို့နယ် အမှတ်-၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦသူရစိုးက ပြောပါတယ်။
“ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီးတော့ ပြည်သူတွေရဲ့ သံသယ၊ စိုးရိမ်စိတ်က အခုဆို တော်တော်များများ ကင်းသွားပြီ။ ပြည်သူတွေ ပူးပေါင်းပါဝင်လာတာ တွေ့ရတဲ့အတွက် အထူးဝမ်းမြောက်ဝမ်းသာပါတယ်” လို့ ပြောပါတယ်။
ပြည်သူတွေ တော်တော်များများက ဆေးစစ်ဖို့လာကြတယ်လို့ စစ်ဆေးပေးရာမှာ ပါဝင်တဲ့ မရမ်းကုန်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာနေမျိုးလင်းက ပြောပါတယ်။
“ပြည်သူတွေက ပူးပေါင်းပါဝင်ကြပါတယ်။ နေမကောင်းတဲ့သူတွေလည်း သူတို့ဘာသာသူတို့ လာကြတယ်။ အခုထိတော့ ဖျားတာ နာတာတွေ မတွေ့သေးဘူး။”
ကျန်းမာရေး လာရောက်စစ်ဆေးသူ မရွှန်းလဲ့လဲ့ထွန်းက “အကုန်လုံးကို စစ်တာဆိုပေမယ့် မလာနိုင်တဲ့သူတွေလည်း ရှိတယ်။ ဖြစ်စေချင်တာက လမ်းမအတိုင်း ကားနဲ့သွားပြီး တအိမ်ချင်း အိမ်ပေါ်ကလူတွေအကုန်လုံး အောက်ကိုခေါ်ပြီး စစ်သွားတာ ပိုပြီးအဆင်ပြေတယ်။ လမ်းထိပ်အထိ ထွက်လာရတာက လူကြီးတွေ၊ ကလေးတွေအတွက်တော့ အဆင်မပြေဘူး။ ဒါပေမဲ့ ဒီလိုမျိုး လာပြီးစစ်ပေးတာပဲ ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်တွေကလည်း ရန်ကုန်တိုင်းအတွင်းက အင်းစိန်၊ လှိုင်သာယာ၊ တာမွေ စတဲ့မြို့နယ်တွေမှာ ကျန်းမာရေး စစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်။
ခင်ငြိမ်းချမ်း